စောမြတ်ဦးသာ — မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် KNU -ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ ၁ တာဝန်ရှိသူများမှ COVID-19 ရောဂါ ကာကွယ်ရေးလုပ်ငန်းလုပ်ဆောင်မှုနှင့်ပတ်သက်ပြီး ကရင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ကန့်ကွက်စာ မပေးပို့သင့်ဘဲ ရောဂါကူးစက်မှု ကာကွယ်လုပ်ဆောင်ခြင်းသည် လူသားတိုင်းတာဝန်ရှိသည်ဟု KNU က တုန့်ပြန်ပြောဆိုခဲ့သည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမျိုးမင်းနောင်၏ ဧပြီလ ၁၇ ရက်နေ့ရက်စွဲပါ ကန့်ကွက်စာအရ KNU တပ်မဟာ ၁ တပ်ရင်း (၂) မှ တပ်ရင်းမှူးအဆင့်ရှိသူ စောချစ်သူနှင့် ၎င်းဦးစီးအင်အား ၇ ဦးသည် COVID-19 ရောဂါနှင့် ပတ်သက်ပြီး ဖြတ် သန်းသွားလာသူများကို အပူချိန်တိုင်းတာခြင်းနှင့် လိုအပ်သော စစ်ဆေးမေးမြန်းမှုများ ပြုလုပ်လျက်ရှိပြီး နယ်မြေအတွင်း အချိန် ကန့်သတ်ခရီးသွားလာစေခြင်းနှင့် လူစုလူဝေးဖြစ်စေနိုင်မှုများကို မပြုလုပ်ကြရန် အသိပေး ရည်ညွှန်းစာအပေါ် NCA အပစ်ရပ် စာချုပ်အတိုင်း နယ်ဘက်အုပ်ချုပ်ရေးဆိုင်ရာကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများ မပြုလုပ်ရန်နှင့် တပ်ဖွဲ့ဝင်များအား ထိန်း သိမ်းကြပ်မတ်ပေးရန် ဖော်ပြထားသည်။
အဆိုပါ ကန့်ကွက်စာအပေါ် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် အမှတ် ၅ တပ်မဟာဌာနချုပ်မှ ဧပြီလ ၁၇ ရက်စွဲဖြင့် ကန့်ကွက်စာ ပြန်လည်ပို့ဆောင်ရာတွင် နယ်လုံကန့်ကွက်စာပါ ကျေးရွာများသည် KNU/KNLA မူတရော်ခရိုင်၊ တပ်မဟာ (၅) ထိန်းချုပ်နယ်မြေတွင်တည်ရှိသည်ဟု ဆိုသည်။
ထို့အပြင် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများအပြားတွင် ဖြစ်ပေါ်နေသည့် ကိုဗစ်ရောဂါနှင့်ပတ်သက်၍ ဒေသအတွင်း ကူး စက်ပြန့်ပွားမှုမရှိအောင် ကြိုတင်လုပ်ဆောင်နေခြင်းသာဖြစ်ပြီး အစိုးရတစ်ဖွဲ့တည်းသာ တာဝန်ှရှိသည်မဟုတ်ဘဲ အဖွဲ့အစည်းနှင့် လူတစ်ဦးချင်းစီတိုင်းမှာ ရောဂါပြန့်ပွားမှုမဖြစ်အောင် ကြိုတင်ကာကွယ်တားဆီးရန် မဖြစ်မနေလုပ်ဆောင်သင့်သည်ဟု KNU တပ်မဟာဌာနချုပ်၏ ကန့်ကွက်စာတွင် ဖော်ပြထားသည်။
နယ်လုံ၏ ကန့်ကွက်စာနှင့်ပတ်သက်၍ KNU ဗဟိုမှ အထွေထွေအတွင်းရေးမှူး -၂ ပဒိုစောလှထွန်းက “ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ ရောဂါလုံခြုံရေးအဆင့်အနေနဲ့ သတ်မှတ်ထားတယ်။ တကမ္ဘာလုံးက ရောဂါပိုးမပြန့်အောင် ကြိုးစားဆောင်ရွက်နေတဲ့အချိန်မှာ အတူ တကွ ပူးပေါင်းဆောင်ရွက်ရမယ့်အစား အစိုးရက ခုလိုကန့်ကွက်တာတော့ စိတ်မကောင်းဖြစ်ရပါတယ်” ဟု ကေအိုင်စီသို့ ပြောသည်။
မြန်မာနိုင်ငံ အားကစားနှင့် ကျန်းမာရေးဝန်ကြီးဌာန၏ ဧပြီလ ၁၉ ရက်နေ့ ည ၁၁း၁၅ အချိန် ထုတ်ပြန်ချက်အရ တိုင်းဒေသကြီး နှင့် ပြည်နယ်များတွင် COVID-19 ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ခံထားရသူ ၁၁၁ ဦးရှိပြီးဖြစ်သည်။ Covid -19 ရော ဂါကာ ကွယ်ထိန်းချုပ် ဆောင်ရွက်နိုင်ရေးအတွက် အစိုးရနှင့် သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကလည်း လိုက်နာရန် စည်းကမ်းချက်များ အသီးသီးထုတ်ပြန်ထားမှုများလည်းရှိသည်။







