တာချီလိတ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း ၂၁ ဦးကို သီးခြားထားရှိ စောင့်ကြည့်မည်

တာချီလိတ်ဆေးရုံ ကျန်းမာရေးဝန်ထမ်း ၂၁ ဦးကို သီးခြားထားရှိ စောင့်ကြည့်မည်
Photo : တာချီလိတ်ဒေသခံ
Photo : တာချီလိတ်ဒေသခံ

နန်းဆိုင်ဖူး — သျှမ်းပြည်အရှေ့ပိုင်း တာချီလိတ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေသည့် ကျန်းမာရေးဝန်ထမ်း ၂၀ကျော်ကို ကိုဗစ် - ၁၉ ရောဂါ ကူးစက်ခံရခြင်း ရှိ မရှိ သီးခြားခွဲထား စောင့်ကြည့်မည်ဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ဧပြီ ၁၉ ရက် နံနက် ၇ နာရီ ထုတ်ပြန်ချက်ပါ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲအတည်ပြု လူနာအမှတ် ၉၆ မှာ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်သလို လူနာ အမှတ် ၄၇ နှင့် ရန်ကုန်တွင် ထိတွေ့ခဲ့သူဖြစ်ကြောင်း သိရသည်။

“Case 96 နဲ့ ဆက်စပ်တဲ့သူတွေ ဆေးရုံမှာ အားလုံးပေါင်း ၂၁ ယောက်ရှိတယ်။ ဆရာဝန်က ၁၀ ယောက်ပါတယ်။ လောလောဆယ် ဆေးရုံမှာ ဆရာဝန် ၂ ယောက်ပဲ လွတ်တယ်။ လူနာကတော့ ဒီနေ့ ကျိုင်းတုံဆေးရုံကို ခေါ်သွားလိုက်ပြီ” ဟု သျှမ်းပြည်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

လက်ရှိမှာ တာချီလိတ်ဆေးရုံရှိ ဆရာဝန်များအပါအဝင် ကျန်းမာရေးဝန်ထမ်းများကို သီးခြားထားရှိ စောင့်ကြည့်ရေးအစီအစဉ် (Quarantine) ပြုလုပ်ထားသဖြင့် မန္တလေးမှ သမားတော်တစ်ဦးနှင့် မေ့ဆေးဆရာဝန်တစ်ဦး၊ ကျိုင်းတုံဆေးရုံမှ သားဖွားမီးယပ်အထူးကုဆရာဝန်တစ်ဦးတို့ တာချီလိတ်ဆေးရုံသို့ လာရောက် အင်အားဖြည့်ထားကြောင်း ဒေါက်တာမျိုးထွန်းက ပြောသည်။ ယင်းအပြင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးနှင့် ညှိနှိုင်းကာ တပ်မတော်ဆေးဘက်မှ အထူးကုဆရာဝန် ၂ ဦး၊ လက်ထောက်ဆရာဝန် ၄ ဦးနှင့် သူနာပြု ၆ ဦးလည်း လာရောက်အားဖြည့်ပေးကြောင်း ဒေါက်တာမျိုးထွန်းကဆက်လက်ပြောသည်။

“တပ်ဘက်ကလည်း ၁၂ ယောက် ကျနော်တို့ဆီ လာပြီး ကူပေးမှာပါ။ အဲဒါဆိုရင် တာချီလိတ်ဆေးရုံရဲ့ function လေး တော်တော်လေး လည်ပတ်လို့ ကောင်းသွားပါပြီ။ ပြည်သူတွေ စိတ်မပူတော့နဲ့ပေါ့နော်။ အဓိကကတော့ တာချီလိတ်ပြည်သူတွေ မကြောက်ဖို့ ပြောချင်ပါတယ်” ဟု ဒေါက်တာမျိုးထွန်းက ထပ်လောင်းပြောသည်။

လူနာအမှတ် ၉၆ သည် ရန်ကုန်တွင် တာဝန်ထမ်းဆောင်သူ ခွဲစိတ်ဆရာဝန်တစ်ဦးဖြစ်ပြီး ၎င်း၏ အမျိုးသမီးမှာ တာချီလိတ်ဆေးရုံတွင် တာဝန်ထမ်းဆောင်နေကြောင်း သိရသည်။ ၎င်းသည် မိသားစုနှင့်တွေ့ဆုံရန် ဧပြီ ၆ ရက်တွင် တာချီလိတ်သို့ ရောက်ရှိလာကြောင်း၊ ငါးရက်ခန့်အကြာအတွင်း တာချီလိတ်ဆေးရုံအုပ်ကြီး၊ အထူးကုဆရာဝန်များနှင့်လည်း အလုပ်ကိစ္စ ဆွေးနွေးခဲ့သေးကြောင်း သိရသည်။

လက်ရှိမှာ ကျန်းမာရေးဝန်ထမ်း၂၁ ဦး၏ မိသားစုဝင်များကိုပါ ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်လျက်ရှိပြီး ရန်ကုန် အမျိုးသားကျန်းမာရေးဓာတ်ခွဲခန်းဌာနသို့ ဓာတ်ခွဲနမူနာ ပေးပို့စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။

ယင်းအပြင် လူနာအမှတ် ၉၆ မှာ ဧပြီ ၆ ရက်က ရန်ကုန် - တာချီလိတ်  UB -275 လေယာဉ်ဖြင့် ရောက်ရှိလာခဲ့ခြင်းဖြစ်ရာ လေယာဉ်ပေါ်တွင် အနီးကပ် လိုက်ပါလာခဲ့သူ ခရီးသည် ၁၁ ဦးကိုလည်း ကျန်းမာရေးဆိုင်ရာ စောင့်ကြည့်ကာ ဓာတ်ခွဲနမူနာများ ပေးပို့စစ်ဆေးရန် စီစဉ်ထားကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် ကိုဗစ် - ၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ဧပြီ ၁၉ ရက် ညခင်းထိအခြေအနေမှာ ရောဂါပိုးတွေ့ရှိရသူ ၁၁၁ ဦး၊ ပြန်လည်သက်သာသူ ၇ ဦး၊ သေဆုံးသူ ၅ ဦးရှိကြောင်း၊ ကုသဆဲလူနာ ၉၉ ဦး၊ စောင့်ကြည့်လူနာ ၁၉၆၇ ဦးရှိကြောင်း အစိုးရ၏ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။

May 9, 2026
စစ်အစိုးရ ၏ ရက် ၁၀၀ စီမံချက်ကြောင့် သျှမ်းပြည်အတွင်းသို့ တင်သွင်းကုန်များ ရပ်တန့်နေပြီး...
May 8, 2026
သျှမ်းပြည်တောင်ပိုင်း ၊ညောင်ရွှေမြို့နယ်တွင် စစ်ကော်မရှင်တပ်က စစ်မှုထမ်းကြေးကို ယခင်ကထက်...
May 7, 2026
စိုင်းဟန်လင်း — သျှမ်းပြည်မြောက်ပိုင်းသည် တရုတ်ကုန်စည်ကိုသာ အဓိက အားကိုးနေရချိန်တွင်...
May 6, 2026
စိုင်းဆိုင်အိုက် — မိုင်းပန်မြို့နယ် တောထဲတွင် တရုတ်နိုင်ငံသား အွန်လိုင်းလိမ်လည်သူ ကျားဖြန့်သမား...