ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် မြဝတီမြို့တွင် ညမထွက်ရ အမိန့် အပါအဝင် Covid-19 ရောဂါ အရေးပေါ်ကာလ အများပြည်သူ လိုက်နာရမည့် စည်းကမ်းချက်များကို ပြည်နယ်အစိုးရအဖွဲ့က ဧပြီလ ၁၈ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
အမိန့်စာတွင် ဖော်ပြချက်မှာ မည်သူမဆို လုံလောက်သော အကြောင်းပြချက်မရှိဘဲ နေ့စဉ် ည(၁၀)နာရီမှ နံနက်(၄)နာရီအတွင်း နေအိမ်ပြင်ပ ထွက်ခွာခြင်း လုံးဝမပြုရန် ကန့်သတ်ထားသည်။
ကုန်စည်စီးဆင်းမှုအတွက် သွားရောက်နေရသည့် ယာဉ်နှင့် လူပုဂ္ဂိုလ်များကိုလည်း သက်ဆိုင်ရာ ထွေ/အုပ်၊ အကောက်ခွန်နှင့် ကုန်သွယ်ရေး ဌာနများ၏ စိစစ်ခွင့်ပြုချက်ဖြင့် သတ်မှတ်နေရာများ၌ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်သွားရန်တို့ အသိပေးထားသည်။
နေ့ခင်းဘက် မဖြစ်မနေ နေအိမ်ပြင်ပ သွားလာရပါက အိမ်ထောင်စုတစ်စုလျှင် တစ်ဦးသာ ထွက်ရန် ကန့်သတ်ထားပြီး နှာခေါင်းစည်း (Mask ) မတပ်ဘဲ အိမ်ပြင် ထွက်ခွာခြင်းကို တားမြစ်ထားသည်။ စျေးအသီးသီးတွင် နှာခေါင်းစည်းများ တပ်ဆင်ထားပြီးမှ စျေးရောင်း စျေးဝယ်ပြုလုပ်ကြရန်လည်း အမိန့်စာတွင် ဖော်ပြတိုက်တွန်းထားသည်။
နယ်စပ်မြို့ဖြစ်သောမြဝတီတွင် ပြည်ပအဝင်အထွက်များပြားခြင်း၊ နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများနှင့် ဆက်စပ်သည့် ဝန်ဆောင်မှုလုပ်ငန်းများရှိခြင်းတို့ကြောင့် Covid-19 ရောဂါ ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး အထောက်အကူဖြစ်စေရန် ပြည်သူများအနေဖြင့် ဧပြီလ ၁၈ ရက်နေ့မှစ၍ အမိန့်တစ်စုံတစ်ရာထပ်မံထုတ်ပြန်မှုမရှိမခြင်း ဖော်ပြပါ စည်းကမ်းချက်များကို နေ့စဉ်လိုက်သွားကြရန် ဆော်ဩထားပြီး လိုက်နာရန်ပျက်ကွက်ပါက တည်ဆဲဥပဒေအရ အရေးယူသွားမည်ဟု သတိပေးထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က Covid-19 ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားရှိပြီဖြစ်၍ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးတို့အတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထိုသို့ အများပြည်သူလိုက်နာနိုင်ရန် တားမြစ်ပိတ်ပင်သည့် အမိန့်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု အမိန့်ကြေညာစာတွင် ဖော်ပြထားသည်။
မကြာသေးမီရက်ပိုင်းက ရောက်လာသည့် ထိုင်းပြန် မြန်မာရွှေ့ပြောင်းလုပ်သား ၁,၅၀၀ ခန့်ကို မြဝတီတွင် စောင့်ကြည့်ရေးစခန်း ၆ ခု ထားရှိပြီး ကျန်းမာရေးဆိုင်ရာများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုအထဲမှ ဖျားနာသူများနှင့် မြဝတီမြို့ခံများထဲမှ ရောဂါလက္ခဏာနှင့် ခရီးသွားရာဇဝင်အရ မသင်္ကာဖွယ် ဖျားနာသူများကို မြဝတီခရိုင်ဆေးရုံတွင် ထားရှိဆောင်ရွက်ခဲ့ကြောင်း၊ လူဦးရေ ၃၀ ခန့်၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်များကို ရန်ကုန် ဗဟိုဓာတ်ခွဲဌာနသို့ ပေးပို့စစ်ဆေးခဲ့ရာ ဧပြီ ၁၈ရက်အထိ ဓာတ်ခွဲအဖြေများအရ ရောဂါပိုးတွေ့ရသူ မရှိသေးကြောင်း သိရသည်။







