စအိုင်ဆူး — KNU - ကရင်အမျိုးသားအစည်းအရုံးနယ်မြေအတွင်း COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းနှင့်စည်းမျဉ်းစည်းကမ်းများပါ ညွှန်ကြားချက် တစ်စောင်ကို KNU ဗဟိုက ပေးပို့ခဲ့ကြောင်း သက်ဆိုင်ရာတာဝန်ရှိသူများက ပြောသည်။
ခရိုင် ၇ ခု အပါအဝင် သက်ဆိုင်ရာ မြို့နယ်၊ကျေးရွာအသီးသီးသို့ ဧပြီ ၁၅ ရက်စွဲဖြင့် ပေးပို့ညွှန်ကြားခဲ့ခြင်း ဖြစ်သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နည်းလမ်းနှင့်အညီ ညွှန်ကြားချက်များ ပေးပို့ခဲ့ကြောင်း ကေအဲန်ယူ အတွင်းရေးမှူး (၁) ပဒိုစောဆဲပွယ်က ပြောသည်။
“ကျနော်တို့ နယ်မြေထဲမှာတော့ ကူးစက်ခံရတာမျိုး၊ ဖျားနာတာမျိုးတော့ မတွေ့ရသေးဘူး။ ဒီလို ရောဂါမျိုး ကျနော်တို့ နယ်မြေမှာ ဝင်ရောက် ကူးစက်တာမျိုးမဖြစ်ဖို့နဲ့ ကမ္ဘာအဝန်းက ကာကွယ်နေကြသလို ကျနော်တို့လည်းပဲ ဒီကမ္ဘာပေါ်မှာ လူသားမျိုးနွယ်တစ်မျိုးအနေနဲ့ကော ကိုယ့်နယ်မြေဒေသရှိနေတဲ့ အနေအထားအပေါ် မှာ၊ ကိုယ်အုပ်ချုပ်တဲ့ နယ်မြေအတွင်း ဝင်ရောက် ကူးစက်တာမျိုး မဖြစ်ဖို့အတွက် ကြိုတင်ကာကွယ်ခြင်း ဖြစ်တယ်” ဟု ပဒိုစောဆဲပွယ်က ကေအိုင်စီသို့ ပြောသည်။
အဆိုပါညွှန်ကြားချက်တွင် နယ်မြေအဝင်အထွက် သွားလာမှုများကို စစ်ဆေးဆောင်ရွက်ရန်၊ ပြည်ပနှင့် မြို့ပြဒေသမှ မိမိကျေးရွာဒေသသို့ ပြန်ရောက်လာသူများကို စောင့်ကြည့်ရေး (Quarantine) အစီအစဉ်နှင့် စည်းမျဉ်းစည်းကမ်းများ စသည်တို့ ပါဝင်သည်။ ယင်းအပြင် ဒေသတွင်း ကျန်းမာရေးဝန်ထမ်းများ၊ လုံခြုံရေးနှင့် ဒေသတွင်း အာဏာပိုင်များ ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းစဉ်ပါ ခရိုင်၊ မြို့နယ်၊ ကျေးရွာအုပ်စု၊ ဒေသအဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် အချက်များလည်း ပါဝင်သည်။
လတ်တလောတွင် KNU ထိန်းချုပ်နယ်မြေများအတွင်း သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများနှင့် လူငယ်များက ကူးစက်မြန်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးမှုများ၊ လုံခြုံရေးအရ စစ်ဆေးဆောင်ရွက်မှုများကို လုပ်ဆောင်နေသလို နီးစပ်ရာ ထိုင်း၊ မြန်မာကျန်းမာရေး တာဝန်ရှိသူများနှင့် KNU ကျန်းမာရေး တာဝန်ရှိသူများ ချိတ်ဆက်ဆောင်ရွက်မှုများလည်း ရှိကြောင်း KNUက ပြောသည်။
ထို့အပြင် လက်ရှိ ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ပညာပေးလုပ်ငန်းများ လုပ်ဆောင်ရာ KNU တပ်မဟာ (၅) နယ်မြေဒေသများတွင် မြန်မာ့တပ်မတော်ဘက်မှ မလိုလားသည့် အပြုအမူများ လုပ်ဆောင်နေကြောင်း၊ ထို့အတွက် ကပ်ရောဂါကို အတူတကွ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲမှုကို ကြေညာနိုင်မှသာ ပိုမိုထိရောက်မည့် ကာကွယ်ထိန်းချုပ်မှုပုံစံ ရရှိမည်ဖြစ်ကြောင်းလည်း ပဒိုစောဆဲပွယ်က ဖြည့်စွက်ပြောသည်။
အလားတူ KNU (ဗဟို) တရားရေးဌာနက COVID-19 ကြောင့် ဖြစ်ပေါ်လာနိုင်သည့် မလုံခြုံမှုများနှင့် တရားရေးဆိုင်ရာတားဆီးကာကွယ်ခြင်းလမ်းညွှန်ပါ အချက်များကိုလည်း ဧပြီ ၁၃ ရက်တွင် ထုတ်ပြန်ကြေညာထားသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဧပြီလ ၁၆ရက် နံနက်ပိုင်း ထုတ်ပြန်ထားချက်အရ မြန်မာနိုင်ငံတွင် ရောဂါပိုး စစ်ဆေးတွေ့ရှိရသူပေါင်း ၈၅ ဦး၊ သေဆုံးသူ ၄ ဦး၊ ပြန်လည် ကောင်းမွန်သူ ၂ ဦး ရှိသည်။
ကမ္ဘာအနှံ့အပြားတွင် ရောဂါကူးစက်ခံရသူပေါင်း နှစ်သန်းကျော်ရှိပြီး သေဆုံးသူပေါင်း တစ်သိန်းကျော်ရှိကာ ၅သိန်းကျော် ပြန်လည်ကောင်းမွန်လာကြောင်း ကမ္ဘာတစ်ဝှမ်း ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။







