ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ရွာထဲကျ၊ အရပ်သား ၈ ဦးသေ ၁၃ ဦးဒဏ်ရာရ

ပုဏ္ဏားကျွန်းတွင် လက်နက်ကြီးကျည် ရွာထဲကျ၊ အရပ်သား ၈ ဦးသေ ၁၃ ဦးဒဏ်ရာရ
ဒဏ်ရာရရှိသူအချို့ကို  စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာစဉ်။
ဒဏ်ရာရရှိသူအချို့ကို စစ်တွေဆေးရုံကြီးသို့ ယူဆောင်လာစဉ်။

ဇောင်း(ပုဏ္ဏားကျွန်း) ၊ ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာတွင် ဧပြီလ ၁၃ ရက် နံနက် ၈ နာရီခန့်က လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သား ၈ ဦးသေဆုံးကာ ၁၃ ဦးမှာ ပြင်းထန်ဒဏ်ရာ ရရှိသွား ခဲ့ကြောင်း သိရသည်။

ကျောက်ဆိပ်ကျေးရွာနှင့် ၃ မိုင်ခန့်အကွာရှိ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းမှ  လက်နက်ကြီးများဖြင့် ပစ်ခတ်သဖြင့် ကျောက်ဆိပ်ကျေးရွာအတွင်း လက်နက်ကြီး ၄ လုံး ကျရောက်ပေါက်ကွဲကာ ကျေးရွာကားလမ်းမပေါ်ရှိနေသူများ ထိခိုက်သေဆုံးခဲ့ခြင်းဖြစ်ကြောင်း မိသားစုဝင်များမှပြောသည်။

“သူတို့က ကားလမ်းကိုသွားမယ်ဆိုပြီးတော့ အိမ်ကထွက်သွားတာပါ။ သူတို့ထွက်သွားတာနဲ့ လက်နက်ကြီး ကျပါတယ်။ ကျွန်မတို့သွားကြည့်တာနဲ့အကုန်လုံး လဲနေကြပြီ။ ကျွန်မသားလေးလည်း ပါသွားပါတယ်။ ဦးခေါင်းတွေ၊ ရင်ဘတ်တွေမှာ အကုန်လုံး ပြိုပျက်သွားပါတယ် ”ဟု ဒဏ်ရာရရှိတစ်ဦး၏မိခင် ဒေါ်မစိန်သန်းက ပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် မောင်ထက်မြတ်ဦး ၁၁ နှစ်၊ မသန်းသန်းစိုး ၂၄ နှစ်၊ မောင်နီထွန်း ၂၅ နှစ်နှင့် မောင်လူလှချေ ၂၆ နှစ်တို့မှာ ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာတွင် သေဆုံးသွားခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ထို့ပြင် မောင်အောင်နိုင်ဆန်း ၁၅ နှစ်၊ မောင်သန်းဌေးနိုင် ၁၅ နှစ်၊ မောင်ဌေးဝင်း ၁၆ နှစ်နှင့် မောင်မောင်ချေ ၂၃ နှစ်တို့မှာ ပုဏ္ဏားကျွန်းဆေးရုံတွင်နှစ်ဦးသေဆုံးပြီး စစ်တွေဆေးရုံသို့ ယူဆောင်လာစဉ် နှစ်ဦးသေဆုံး သွားခဲ့သည်။

စစ်တွေဆေးရုံသို့ ယူဆောင်လာသူနှစ်ဦးမှာ စစ်တွေမြို့နယ် ကျောက်တန်းစစ်ဆေးရေးဂိတ်တွင် အချိန် ကြန့်ကြာစွာ စစ်ဆေးမှုကြောင့် သေဆုံးသွားခဲ့ရသည်ဟု လူနာများအားကူညီပေးနေသည့် ပုဏ္ဏားကျွန်းမြို့နယ် ရွှေရောင်မေတ္တာလူမှုကူညီရေးအသင်းက ကိုဇေယျာလင်းက ပြောသည်။

“ပုဏ္ဏားကျွန်းက သယ်လာတဲ့အခါ အခြေအနေကကောင်းသေးတယ်။ ကျောက်တန်းဂိတ်မှာ စစ်ဆေးတာက တစ်နာရီလောက်ကြာတယ်။ အဲဒီမှာပဲ လူနာက အရောင်ပြောင်းသွားတယ်။ အချိန်အကြာကြီး စစ်ဆေးလို့ အခုလိုမျိုး မသေသင့်ဘဲ သေရတာပါ ” ဟု ၎င်းကပြောသည်။

လက်နက်ကြီးကျရောက်မှုကြောင့် ဒဏ်ရာရရှိသွားသူများထဲမှ ၃ ဦးမှာ စစ်တွေဆေးရုံတွင် ဆေးကုသမှုခံယူ နေရပြီး အခြားဒဏ်ရာရလူနာများအား ပုဏ္ဏားကျွန်းဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။

ကျောက်ဆိပ်ကျေးရွာကို ကိုယ်တိုင်သွားရောက်ခဲ့သည့် ပုဏ္ဏာကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ယခုပစ်ခတ်မှုသည် အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်သလိုဖြစ်နေသည်ဟု ပြောသည်။

“တိုက်ပွဲဖြစ်တာတွေ ဘာတွေလည်းမရှိဘူး။ အပြစ်မဲ့ပြည်သူတွေကို ပစ်မှတ်ထားတိုက်ခိုက်နေသလို ဖြစ်နေတယ်”ဟု ၎င်းကဆိုသည်။

ကျောက်ဆိပ်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးများမှာ 120 mm အမျိုးအစား ဖြစ်ကြသည်။

အဆိုပါလက်နက်ကြီးများမှာ ပုဏ္ဏားကျွန်းအခြေစိုက် (၅၅၀)တပ်ရင်းမှ ပစ်ခတ်ခြင်းဖြစ်ကြောင်း ကျေးရွာသားများ၏ ပြောဆိုချက်နှင့်ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးတို့ကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းမကိုင်သဖြင့် တပ်မတော်၏ တုန့်ပြန်ချက်ကို မရရှိခဲ့ပေ။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...