AAကို မတရားအသင်း ကြေညာတိုက်ခိုက်ခြင်းမှာ အခြား တိုင်းရင်းသားအဖွဲ့များအပေါ် သတိပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း သုံးသပ်

AAကို မတရားအသင်း ကြေညာတိုက်ခိုက်ခြင်းမှာ အခြား တိုင်းရင်းသားအဖွဲ့များအပေါ် သတိပေးခြင်းဖြစ်ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း သုံးသပ်

စအိုင်ဆူး — ရခိုင်ပြည်နယ် အခြေစိုက် ရက္ခိုင့်တပ်တော်(AA)ကို မတရားအသင်း ကြေညာပြီး ထိုးစစ်ဆင် တိုက်ခိုက်နေမှုများမှာ အခြားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ ( EAOs)ကို သတိပေး လိုက်ခြင်းဖြစ်သည်ဟု သုံးသပ်ကြောင်း နိုင်ငံတကာ ကရင်အဖွဲ့အစည်း-IKOက ဧပြီ ၁၄ရက်တွင် သဘောထားထုတ်ပြန်လိုက်သည်။

AA သည် ပြည်တွင်းငြိမ်းချမ်းရေး စတင်ဆွေးနွေးစဉ်ကတည်းက ပါဝင်လာခဲ့သော အဖွဲ့အစည်း တစ်ခုဖြစ် ကာ လက်ရှိတွင် ပြည်တွင်းငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးနေသော ကာလဖြစ်သလို AA အပေါ်သဲကြီးမဲကြီးထိုးစစ်ဆင် တိုက်ခိုက်နေခြင်းသည် တိုင်းရင်းသားများ လိုလားသော အနာဂတ် ဖက်ဒရယ် တည်ဆောက်ရေးကို အ နှောင့်အယှက်ဖြစ်စေပြီး အစိုးရ၊ တပ်မတော်၏ သဘောထားများကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်ရန် အခက် ကြုံနေရကြောင်း IKOက ဆိုသည်။

IKO ပြောခွင့်ရ စောဇော်နောင်က “ရခိုင်တပ်မတော်ကို မတရားအသင်းအဖြစ်ကြေညာပြီး ထိုးစစ်ဆင်လိုက်တဲ့ ကိစ္စက NCA လက်မှတ်ထိုးပြီးတော့ မတရားအသင်းဖျက်သိမ်းခံရတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေရှိတယ်။ ဒီအဖွဲ့အစည်းတွေကိုလည်းပဲ ဗမာ့တပ်မတော်က လိုအပ်လာရင် အချိန်မရွေး မတရားအသင်းအဖြစ်နဲ့ ကြေညာနိုင်တဲ့ အခြေအနေရှိတယ်လို့ ကျနော်တို့က သုံးသပ်တယ်။ ပြောချင်တာက မနာခံဘူးဆိုရင်တော့ ရခိုင်လိုပဲ မင်းတို့လည်း ဖြစ်ကြရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့ဗျာ” ဟု ကေအိုင်စီသို့ပြောသည်။

ပြည်ထဲရေး ဝန်ကြီးဌာနက ရက္ခိုင့်တပ်တော် (AA)နှင့် လက်အောက်ခံအဖွဲ့များကို  မတရားအသင်းအဖြစ်လည်းကောင်း၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ AA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ်လည်းကောင်း ပြီးခဲ့သည့် မတ်လ ၂၃ရက်က  ကြေညာခဲ့ပြီးနောက် ချင်းပြည် နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် AA နှင့် တပ်မတော်တို့အကြား တိုက်ပွဲများ ပိုမိုပြင်းထန်လာခဲ့သည်။

အလားတူ ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်ရှိ မြို့နယ်ပေါင်း(၉)မြို့နယ်တွင်လည်း အင်တာနက်လိုင်းများ ဖြတ် တောက်ခံထားရသလို AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကြေညာပြီးနောက် ဆက်သွယ်မေးမြန်း သတင်းဖော် ပြ သည့် သတင်းမီဒီယာများကိုပါ ပြည်ထဲရေး ဝန်ကြီးဌာနက အကြမ်းဖက်မှုဆိုင်ရာဥပဒေဖြင့် ဖမ်းဆီး အရေးယူမှု များလည်း ပြုလုပ်ခဲ့သလို ပြည်တွင်းသတင်းဌာနအချို့၏ အင်တာနက် သတင်းစာမျက်နှာများကိုပါ ဆက် သွယ်ရေး အော်ပရေတာများက ပိတ်ပင်ထားမှုများ ပြုလုပ်ခဲ့သည်။

ထို့အပြင် တပ်မတော်၏ လေကြောင်းစစ်ဆင်ရေးများဖြင့် ဗုံကြဲတိုက်ခိုက်ခြင်းကြောင့် ဒေသခံ အ ရပ်သား များ ထိခိုက်သေဆုံးမှုများရှိနေသလို ကျေးရွာများထဲသို့ လက်နက်ကြီးများ ကျရောက် ပေါက်ကွဲခြင်းကြောင့် ဒေသခံရွာသားများ ထိမှန်သေဆုံးမှုများရှိခဲ့ပြီး ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင် နေ ရသူများ သိန်းနှင့်ချီရှိနေကြောင်းသိရသည်။

ထိုသို့ မြန်မာ့တပ်မတော်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်သူလူထုများ ထိခိုက်သေဆုံးမှုများ အပေါ် IKO အနေဖြင့် အပြင်းအထန် ကန့်ကွက် ရှုတ်ချကြောင်းနှင့် ကမ္ဘာ့ကပ်ရောဂါကြောင့် စစ်ပွဲများ ရပ်စဲထား ရန် ကမ္ဘာ့ကုလသမဂ္ဂ၏ မေတ္တာရပ်ခံနေချိန်တွင် မြန်မာအစိုးရနှင့် တပ်မတော်အနေဖြင့် စစ်ရေးအရှိန်တိုးမြှင့် လုပ်ဆောင်နေကြောင်း IKO၏ သဘောထား ထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

မြန်မာပြည်သူလူထုများအနေဖြင့် ကမ္ဘာ့ကပ်ရောဂါဆိုးကို ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းသား ဒေသများတွင် တပ်မတော်၏ စစ်ရေး အစီအစဉ်များကို ဆိုးရွားစွာ ခံစားနေကြရပြီး အပြစ်မဲ့တိုင်းရင်းသားပြည်သူလူထုများ၏ ဘဝလုံခြုံရေးအတွက် အစိုးရနှင့် တပ်မတော် အနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ်ရပ်စဲမှုကို ချက်ချင်း ရပ်စဲရန် IKO၏ သဘာထားထုတ်ပြန်ချက်၌ တောင်းဆိုထားသည်။

ထို့အတူ ပြီးခဲ့သည့် လများတွင်လည်း ရခိုင်ပြည်နယ်အပါအဝင် ကရင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ အပစ်ရပ် လက် မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၏ ဒေသများတွင်လည်း မြန်မာ့ တပ်မ တော်က  ဒေသခံ ပြည်သူများအပေါ် ဖမ်းဆီးမှု၊ ညှဉ်းပန်းနှိပ်စက်မှုအပြင် ပစ်ခတ်သတ်ဖြတ်မှုများ ပြုလုပ်ခဲ့ ကြောင်း ဒေသတွင်း လူ့အခွင့်အရေး စောင့်ကြည့်သည့်အဖွဲ့အစည်းများက အသီးသီး သတင်းထုတ်ပြန်ခဲ့ ကြ သည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသည့် လူမှုအဖွဲ့အစည်းများ၊ အမျိုးသမီးအဖွဲ့ အစည်းများ၊ အရပ်ဖက်အဖွဲ့အစည်းများအပြင် တိုင်းရင်းသားလက်ကိုင်အဖွဲ့အစည်းအချို့က ကမ္ဘာ့ကပ်ရောဂါ (COVID-19) ဖြစ်ပွားချိန် တိုင်းရင်းသား ဒေသများတွင် ထိုးစစ်ဆင်တိုက်ခိုက်မှုများ မပြုလုပ်ရန်နှင့် တစ်နိုင်ငံ လုံး အပစ်အခတ်ရပ်စဲမှုကို ကြေညာရန် တိုက်တွန်းတောင်းဆိုထားမှုများပြုလုပ်ခဲ့သည်။

နိုင်ငံတကာ ကရင်အဖွဲ့အစည်း -IKOကို အာရှ-ပစိဖိတ်၊ ဥရောပ၊ မြောက်အမေရိက စသည့်နိုင်ငံပေါင်း ၃၀ ကျော်မှ ကရင်လူမှုအဖွဲ့အစည်းများဖြင့် ၂၀၁၄ ခုနှစ်၊ စက်တင်ဘာလတွင် ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...