နန်းဆိုင်ဖူး — သျှမ်းပြည်တောင်ပိုင်း လင်းခေးမှာ သျှမ်းခေါက်ဆွဲဆိုင် တစ်ချို့ရဲ့ ခေါက်ဆွဲစျေးနှုန်းနဲ့ပတ်သက်ပြီး သျှမ်းပြည် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဒေါက်တာညီညီအောင် လူမှု ကွန်ရက်စာမျက်နှာ (ဖေ့စ်ဘွတ်ခ်) ပေါ် ရေးသားလိုက်တာဟာ ဧပြီ ၁၁ မှာ ကိုဗစ် - ၁၉ ရောဂါထက် သျှမ်းပြည်မှာ သတင်းကြီးသွားပါတယ်။
ဒေါက်တာ ညီညီအောင်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ
"လင်းခေးမှာ သျှမ်းခေါက်ဆွဲဆိုင် တစ်ချို့ရဲ့ ခေါက်ဆွဲတစ်ပွဲ ရောင်းစျေးက ရှမ်းဆိုရင် ငါးရာ၊ ရှမ်းမဟုတ်တဲ့ သူဆိုရင် ရှစ်ရာကျပ်ပါတဲ့။ လူမျိုးရေး၊ ဘာသာရေး ခွဲခြားခြင်း၊ အစွန်းရောက်ခြင်းဟာ လောကကို ပျက်စီးစေပါတယ်။ နိုင်ငံတကာမှာတော့ ရှက်စရာကိစ္စအဖြစ် ရှုမြင်ကြပါတယ်၊ နိုင်ငံတကာ ဝင်ဆံ့ချင်ကြရင်တော့ ဆင်ခြင်ရဖို့ ရှိပါတယ်"
ဆိုတဲ့ စာသားကို ရေးသားခဲ့ပါတယ်။
ဒေါက်တာ ညီညီအောင် ရဲ့ရေးသားမှုဟာ လူမျိုးရေးနဲ့ပတ်သက်တာကြောင့် သျှမ်းပြည်လူထု၊ သျှမ်းပြည် နိုင်ငံရေး လှုပ်ရှားသူတွေက ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ၀န်ကြီးအနေနဲ့လည်း သျှမ်းပြည်လူထုကို ပြန်တောင်းပန်ပေးဖို့လည်း ပြောဆိုလိုက်ပါတယ်။
ထိုကိစ္စနှင့် ပတ်သက်ပြီး သျှမ်းပြည်လူထု၊ သျှမ်းပြည် နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ အသံတွေကို သျှမ်းသံတော်ဆင့် သတင်းထောက် နန်းဆိုင်ဖူးက ဆက်သွယ်မေးမြန်းထားပါတယ်။

စိုင်းလိတ်
အထွေထွေအတွင်းရေးမှူး
SNLD ပါတီ
ပို့စ်ပိုင်ရှင်ဟာ သာမန်လက်လုပ်လက်စား နိုင်ငံသားတစ်ယောက် မဟုတ်ပါဘူး၊ သျှမ်းပြည်နယ်အစိုးရအဖွဲ့ရဲ့ တာဝန်ရှိ ဝန်ကြီးတစ်ယောက်ဖြစ်ပြီး အခုလိုမျိုး မဖွယ်မရာ ပြောဆိုရေးသားတာကို လုံးဝ ရှုတ်ချပါတယ်။ အမှိုက်ကစ ပြသာဒ်မီးလောင်ဆိုတာလို ဒီ မဖွယ်မရာ ပြောဆိုမှုကနေ လူမျိုးရေးမုန်းတီးမှုအထိ ကူးစက်ကြီးထွားသွားနိုင်ပါတယ်။
ပြီးတော့ ဒါဟာ တိုင်းရင်းသားလူမျိုးများရဲ့အခွင့်အရေးဥပဒေပါ ပြဋ္ဌာန်းချက်နဲ့လည်း ငြိစွန်းနိုင်ပါတယ်။
ဒါကြောင့် ကာယကံရှင်ဟာ သူ့ပို့စ်ကို တိုးတိုးတိတ်တိတ် ပြန်ဖျက်ပစ်ရုံနဲ့ တာဝန် မကျေပါဘူး။ သူ အမှားလုပ်မိကြောင်း ထိခိုက်နစ်နာသူ လင်းခေးသားတွေကိုရော၊ သျှမ်းလူမျိုးထုကိုပါ ကျေလည်အောင် တရားဝင်တောင်းပန်ဖို့ လိုအပ်ပါတယ်။

ကိုမိုး
သျှမ်းပြည် နိုင်ငံရေး လေ့လာ သုံးသပ်သူ
တကယ်တမ်းပြောရရင် အစိုးရအဖွဲ့က တာဝန်ရှိတဲ့ ဝန်ကြီးက ဒီကိစ္စက ခေါက်ဆွဲတစ်ပွဲ စျေးနှုန်း တက်ခြင်း မတက်ခြင်း၊ စျေးနှုန်းများခြင်း မများခြင်းက ကိစ္စ မဟုတ်ဘူးဗျ။ အဓိကက လူမျိုးရေးပေါ်မှာ အစွဲ ယူပြီးတော့မှ ပြောဆိုရေးသားချက်က၊ ဒါက လူမျိုးရေးအရ မုန်းတီးမှုတွေ၊ လူမျိုးရေးအရ အထင်အမြင်သေးမှုတွေ၊ အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်စေတယ်။
ဝန်ကြီးကိုယ်တိုင်က ရေးသားတယ်လို့ပဲ ကျနော်မြင်တယ်။ အဓိကကတော့ သျှမ်းပြည်အစိုးရ ဝန်ကြီးကိုယ်တိုင်က ပြည်ထောင်စုကို တည်ဆောက်ပါမယ်လို့ ပြောထားတဲ့ကိစ္စတွေကို ဝန်ကြီးကိုယ်တိုင် မျက်ကွယ်ပြုပြီးတော့ လူမျိုးစုတစ်စုကို ချိုးနှိမ်ချိုးဖဲ့ ရေးသားတယ်လို့ပဲ ကျနော် မြင်တယ်။
နောက်တစ်ခုက သူတို့ ရေးတဲ့ အရေးအသားတွေက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲမှာ ပါတဲ့အချက်အလက်တွေနဲ့ လုံးဝ ညီညွတ်ခြင်း မရှိဘူး။ ဒါတွေကို သူ တာဝန်ခံရမယ်ဗျ။
ဒါက တိုင်းရင်းသားအချင်းချင်း၊ သျှမ်းလူမျိုးတွေ၊ သျှမ်း ဆိုလို့ရှိရင် စျေးလျှော့တယ်တို့ ဘာတို့၊ ရေးတဲ့ အသုံးအနှုန်းက သူရေးသားတဲ့ အပြောအဆို၊ အပြုအမူ၊ အသုံးအနှုန်းက ဒါက လူမျိုးစု တစ်စုကို သွေးခွဲပြီးတော့မှ ချိုးနှိမ်တယ်၊ ချိုးဖဲ့တယ်။ သူများ အထင်အမြင် သေးအောင်၊ အထင်အမြင် လွဲမှားအောင် ရေးသားတယ်လို့ပဲ ကျနော် မြင်တယ်။

လွိုင်ခမ်းပန်
နိုင်ငံရေးလှုပ်ရှားသူ သျှမ်းလူငယ်
ကျနော်တို့ အမြင်ပြောမယ်ဆိုရင် သူကိုယ်တိုင် ဝန်ကြီးတစ်ယောက်အနေနဲ့ ကျင့်ဝတ်ရှိဖို့ လိုတယ်။ တကယ်လို့သာ ၈၀၀ ပေးပြီး စားခဲ့ရတယ်ဆိုတောင်မှ ဒီလို မရေးသင့်ဘူး။
ပြောချင်တာက သျှမ်းခေါက်ဆွဲ တစ်ပွဲရဲ့ တန်ဖိုးဆိုတာ ၈၀၀ ဆိုတာ ဘာမှ ပြောပ လောက်တဲ့ တန်ဖိုး မဟုတ်ဘူး။ ဒါမျိုးကျတော့ လူမျိုးချင်းကြားမှာ ပြည်နယ်မှာ ရှိတဲ့ သျှမ်းလူမျိုးတွေကို သွေးခွဲစေတဲ့ အရေးအသားလို့ ကျနော် မြင်ပါတယ်ဗျ။
တမင်ရေးသည်ဖြစ်စေ၊ မရည်ရွယ်ဘဲ ရေးသည်ဖြစ်စေ ဒီဟာက သွေးခွဲစေတဲ့ သဘောကို သက်ရောက်တယ်။

စိုင်းဆု
ပင်လုံ သျှမ်းလူငယ်
ကျနော့်အမြင်မှာတော့ ဒီလိုမျိုး သျှမ်းပြည်မှာ သျှမ်းတိုင်းရင်းသားတွေ ခေါက်ဆွဲဆိုင်ဖွင့်တာ၊ အဲလိုမျိုး လူမျိုးကို အခြေခံပြီးတော့ စျေးနှုန်း ကွာဟ ပြီးရောင်းတယ်ဆိုတာ ကျနော့်အတွက်တလျှောက် မကြားဖူးသေးဘူး။
ဒါပေမယ့် ဝန်ကြီးက ပြောလာတဲ့ အချက်အလက်က အရမ်း ထူးဆန်းနေတယ်။ ဘယ်လိုမှ ဖြစ်နိုင်ခြေမရှိတဲ့ ကိစ္စလို့ မြင်တယ်။ သူ့ဘက်က နားလည်မှု လွဲတဲ့ ကိစ္စ တစ်ခုခုရှိမယ်။
ကျနော်တို့ဆီမှာ အဲလိုမျိုး တိုင်းရင်းသားဒေသတွေမှာ ခေါက်ဆွဲရယ် မဟုတ်ပါဘူး။ ဘာပဲရောင်းရောင်းပဲပေါ့။ ကိုယ့်လူမျိုးက ဘယ်စျေး၊ တခြားလူမျိုးက ဘယ်စျေးဆိုတာ မရှိပါဘူး။
ဒါမျိုး ရောင်းတာကလေ၊ ကျနော်တို့ သျှမ်းပြည်မှာ နေဖူးသမျှတော့ မရှိခဲ့ဖူးဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဒီလိုမျိုး သွားကြုံလာတာ လူကိုယ်တိုင်ကလည်း Public မှာ တင်ထားတယ်ဆိုတော့ တော်တော်လေးကို ထူးဆန်းတဲ့ ကိစ္စပါပဲ။
ခေါက်ဆွဲဆိုင်ဆိုတာ စီးပွားရေး လုပ်တဲ့ လုပ်ငန်းတစ်ခုပါပဲ။ သူ့ရဲ့စနစ်က ဘယ်လိုပဲ ရောင်းရောင်း၊ လူမျိုးရေး နဲ့ ပတ်သက်ပြီးတော့ ပြောစရာ ရေးစရာ ကိစ္စမရှိဘူးလို့ ကျနော်တို့ မြင်ပါတယ်။

စိုင်းဆေဟန်
ဥက္ကဋ္ဌ
သျှမ်း တောင်သူလယ်သမားများ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ SADG
တိုင်းရင်းသားများ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာ ရှိတယ်။ အဲဒီ ဥပဒေ ရဲ့ ပုဒ်မ ၂၄ မှာ မည်သူမျှ တိုင်းရင်းသားလူမျိုးများ မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တစ်မျိုးမျိုးကို ဖြစ်ပေါ်စေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်း ရှိသော အပြုအမူများကို မပြုလုပ်ရ၊ အဲဒီအချက် ပါလာတယ်။
ဒါကြောင့် ဒေါက်တာညီညီအောင်ပြောတဲ့ အထဲမှာ သူက လူမျိုးရေး မုန်းတီးမှုမှာ ပါဝင်နေတဲ့အတွက်ကြောင့် ဒီ ပုဒ်မ နဲ့ ငြိစွန်းတယ်။
ဒါကြောင့် ဒေါက်တာ ညီညီအောင် ဒီပိုစ့်ကို ဖျက်ထားတယ်ဆိုတဲ့ဟာ မပြီးပြည့်စုံသေးပါဘူး။
တရားဝင်စာနဲ့ ပြည်သူတွေကို ပြန်ပြီးတော့ ဝန်ချတောင်းပန်စေချင်တယ်။ အဲလိုမှ မဟုတ်ရင်တော့ ဒီပြဿနာက လွယ်လွယ်နဲ့ ပြီးသွားမှာ မဟုတ်ပါဘူး။
မလိုအပ်တဲ့ ပြဿနာကို ဆက်ပြီးမကြီးထွားစေဖို့ ဒေါက်တာညီညီအောင်မှာ တာဝန်အရှိဆုံး ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဝန်ကြီးတစ်ယောက်အနေနဲ့ ပေါ့ပေါ့ဆဆ စာသားရေးပြီးတော့ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘဲနဲ့ ဒီအတိုင်း လုပ်တယ်ဆိုတော့ ဒီပြည်သူရဲ့ ယုံကြည်မှုဟာ သူ့ပေါ်မှာ အင်မတန်မှ ယုံကြည်မှု မရှိတော့ဘူး။
နောက်ဆက်တွဲ ပြဿနာလည်း ပေါ်ပေါက်လာနိုင်တယ်။ လူမျိုးရေးမုန်းတီးမှုက ပိုပြီးတော့ များလာနိုင်တယ်။
ဗမာနဲ့ သျှမ်း၊ သျှမ်း နဲ့ ဗမာဆိုပြီးတော့ အဲကနေ စလာမယ်။ မလိုအပ်တဲ့ ပြဿနာတွေ ဆက်ပြီးတော့ ရှင်သန်လာမယ်။ ဒါကြောင့် ဒီပြဿနာတွေ ပြေလည်သွားအောင်၊ ဒီလင်းခေး ပြည်သူတွေကိုလည်း ပြန်လည်ဝန်ချ တောင်းပန်စေလိုတယ်။
အဓိကကတော့ သူစားတာ မစားတာ ပွဲကြီး ပွဲသေး သတ်သတ်လွတ်တို့ အသားပါ မပါ အဲဒါ အဓိက မဟုတ်ပါဘူး။
လူမျိုးတစ်မျိုးကို မဟုတ်မမှန် စော်ကားတာကတော့ အဓိက လူမျိုးရေး ပုံစံ ဖန်တီးခြင်းဟာ အဓိကပဲ။ သူ့ ရဲ့ ပိုစ့်ကို သူ တာဝန်ယူရမယ်။ တာဝန်ခံရမယ်။ ဒါကြောင့် ဒီပြည်သူလူထုအတွက် စိတ်ကျေနပ်မှုရအောင် သူ ပြန်ပြီးတော့ တရားဝင် ဝန်ချတောင်းပန်စေချင်ပါတယ်။

နန်းဝါနု
ဒါရိုက်တာ
ကျွန်းတစ်ထောင်မြေဖောင်ဒေးရှင်း
ခေါက်ဆွဲ တစ်ပွဲက ၅၀၀၊ ၈၀၀ နဲ့တင်ကို ဝန်ကြီးတစ်ယောက်အနေနဲ့ စျေးကြီးတယ်ဆိုတဲ့ ကိစ္စ မဖြစ်သင့်ဘူး။
ခေါက်ဆွဲဆိုင်က များသောအားဖြင့် အသားထည့် တာနဲ့ မထည့်တာနဲ့ စျေးနှုန်းကွာသွားတဲ့ဟာတွေ ရှိတယ်။ ဘယ်ခေါက်ဆွဲပဲ ဖြစ်ဖြစ် သျှမ်းပဲရောင်းရောင်း ၊တရုတ်ပဲ ရောင်းရောင်း၊ ဗမာ ပဲရောင်းရောင်း ဒီခေါက်ဆွဲဆိုင် အနေနဲ့ အဲလိုမျိုး လူကြည့်ပြီး ရောင်းတယ်ဆိုတဲ့ဟာ ကျမ တစ်ခါမှတော့ မမြင်ဖူးဘူး။
ဒါပေမယ့် ဖေ့စ်ဘုတ်ခ်ပေါ်မှာရေး လိုက်တဲ့ ပုံစံက ခေါက်ဆွဲ တစ်ပွဲကို အရင်းပြုပြီးတော့ သူက လူမျိုးရေး ခွဲခြားမှုတွေ၊ မုန်းတီးမှု တွေ ကို နှိုးဆော််တဲ့ ပုံစံမျိုး ထွက်လာတယ်။
အဲ့ဒါတော့ စိတ်မကောင်းဘူး။ အဲ့ဒါတော့ မဖြစ်သင့်ဘူး။ ခေါက်ဆွဲတစ်ပွဲနဲ့တင်၊ ၅၀၀၊ ၈၀၀ နဲ့ တင် အဲ့လိုမျိုးဖြစ်သွားတယ်ဆိုတော့ ကျန်တဲ့ တိုင်းရင်းသားတွေက စိတ်ထဲ ဘယ်လိုမျိုးဖြစ်သွားတုန်း။
တိုင်းရင်းသားနယ်မြေတွေမှာ အခွန် လာကောက်သွားတာတော့ အများကြီး လာကောက်သွားတယ်။
ပြီးရင် ဘဏ္ဍရေးတွေ ခွဲတဲ့ချိန်ဆိုလို့ရှိရင် တကယ်တမ်း တိုင်းရင်းသားဒေသတွေ လုံလုံလောက်လောက်လည်း မရဘူး။ သူကောက်တဲ့ ၁၀ ရာခိုင်းနှုန်းလောက်တောင် မရဘူးဆိုတဲ့ဟာလည်း အတွေးအရကော ဖြစ်တယ်။
ဝန်ကြီးတစ်ယောက်ကနေ ပြောလိုက်တဲ့ စကားတစ်ခွန်းက နိုင်ငံရေးအဆင့်ထိကို ပိုပြီးတော့ အတွေးများစေတာပေါ့။ သူ့ဟာသူ ရိုးရိုးသားသား ပြောလည်း ဖြစ်ချင်ဖြစ်မယ်။
သတိမမူဘဲနဲ့ ပြောတာလည်း ဖြစ်ချင်ဖြစ်သွားမယ်။သူ့ရဲ့ စာသားက လူမျိုးရေး ခွဲခြားမှု ပုံစံလေး ဖြစ်သွားပြီ။
တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲတာတို့၊ နောက်ပြီး တိုင်းရင်းသား အချင်းချင်းကနေ ဒီစာသားကို အကြောင်းပြုပြီး အချင်းချင်း ဖေ့စ်ဘုတ်ခ်ကနေ ရေးတာ၊ ဆဲ တာတွေ မဖြစ်သင့်ဘူးလို့ ပြောရမှာပေါ့နော်။
သူက ရိုးရိုးတာဝန်မဟုတ်တော့ သူက ဝန်ကြီးတစ်ပါး ဖြစ်နေပြီ။ ဝန်ကြီးတစ်ပါး အနေနဲ့ စကားပြောတာတို့ ၊ အပြောအဆို အရေးအသား အပြုအမူတွေ သတိထားပြီးတော့ လုပ်ဆောင်ရမယ့် ကိစ္စရပ်တွေမှာ သတိတစ်ချက်ကလေး လွတ်သွားတာနဲ့ ဒီလိုမျိုးအခက်တွေ အများကြီး ဖြစ်နိုင်ပါတယ် ဆိုတဲ့ ကိစ္စရပ်လည်း သူ သတိထားသင့်တာပေါ့နော်။

နန်းခမ်းချစ်
လူငယ်အရေး လှုပ်ရှားသူ လင်းခေး ဒေသခံ
အဲ့ဝန်ကြီးပြောသလို ခေါက်ဆွဲရောင်းတာ၊ လူမျိုးရေးခွဲခြားပြီးရောင်းတာတော့ တစ်ခါမှတော့ မကြုံဖူးပါဘူးရှင့်။
အရင်ခေတ်မကောင်းတုန်းကဆို ဗမာတွေကို မုန်းတယ်ဆိုတာ လက်ခံပါတယ်။ အခုနောက်ပိုင်း အကုန်လုံးပြုပြင်ပြောင်းလဲတဲ့ အနေအထားမှာ ဒီလင်းခေး မြို့သူမြို့သားတစ်ယောက်အနေနဲ့ အာမခံ ပါတယ်။ ရိုက်စားပြီး ခွဲခြားဆက်ဆံတာတွေ လုံးဝ မရှိပါဘူး။ တစ်ခုတော့ ရှိတာပေါ့။ လက်လုပ်လက်စားတွေ၊ ခြံသမား၊လယ်သမားတွေ၊ သို့မဟုတ် ကလေးတွေက ပွဲသေး ၅၀၀ လူကြီးတွေက ပွဲကြီး ၈၀၀ ဆိုတဲ့ဟာ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။
ဆိုင်ရှင်က တစ်ခါတည်းမေးတယ်။ ပွဲကြီးယူမလား ၊ပွဲသေးယူမလား ဆိုတဲ့ဟာတော့ မေးပါတယ်။
ဝန်ကြီးပြောသလို ဗမာတွေက ၈၀၀ ယူပြီး သျှမ်းတွေက ၅၀၀ ရောင်းတယ်ဆိုတာတော့ လုံးဝမဖြစ်နိုင်ပါဘူး။ ဟုတ်လည်း မဟုတ်ပါဘူး။
သူ အဲ့လိုရေးတင်တာကို သူကိုယ်တိုင် ကိုယ်တွေကို လာပြီး ခွဲခြားဆက်ဆံပြနေသလိုမျိုး ခံစားရပါတယ်ရှင့်။
အကုန်လုံးလည်း စိတ်မကောင်းဖြစ်မိတယ်။ စိတ်လည်း တိုမိပါတယ်။ လင်းခေးသူ လင်းခေးသားတွေက အေးအေးချမ်းချမ်း နေကြတယ်။ လူမျိုးရေးမခွဲခြားဘဲနဲ့ တတ်နိုင်သလောက် အကုန်လုံးကို ကူညီပေးတယ်။
ကျမဆို သျှမ်းစစ်စစ်။ တာဝန်လည်း မရှိဘူး ဌာနဆိုင်ရာလည်း မဟုတ်ဘူး။ အကုန်လုံးကို ပူးပေါင်းပြီး ကူညီနိုင်သလောက် ကူညီပေးတယ်။ ဘယ်သူမဆို အကုန်လုံး အဲ့စိတ်ဓာတ်တွေ ပဲရှိတယ်။ ခွဲခြားဆက်ဆံတယ်ဆိုတဲ့စကားက တော်တော်လေးကို ရင့်သီးလွန်းပါတယ်။ လုံးဝကိုမဟုတ်ပါဘူး။ အဲ့ဝန်ကြီး ကိုယ်တိုင်တာဝန်ယူ ဖြေရှင်းပေးသင့်တယ် ကျမ ထင်ပါတယ်ရှင့်။







