အစိုးရဒုက္ခသည်စခန်းတွင် လာရောက်နေထိုင်သည့် စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ

အစိုးရဒုက္ခသည်စခန်းတွင် လာရောက်နေထိုင်သည့် စစ်ဘေးရှောင်များ စားဝတ်နေရေး အခက်အခဲ ဖြစ်နေ
ဓါတ်ပုံ - K Kaung San’s facebook
ဓါတ်ပုံ - K Kaung San’s facebook

ကျော်သူဌေး — ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် အစိုးရမှ ဆောက်လုပ်ပေးထားသည့် ဒုက္ခသည်စခန်း၌ ပထမဆုံး လာရောက်နေထိုင်ကြသည့် စစ်ဘေးရှောင်များမှာ စားဝတ်နေရေး အခက်အခဲဖြစ်ပေါ်နေရကြောင်း စခန်းတာဝန်ရှိသူထံမှ သိရသည်။

အစိုးရက ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ်များတွင် ယာယီစစ်ဘေးရှောင်စခန်း (၇)ခုကို ၂၀၁၉ ခုနှစ် ဧပြီလမတိုင်မီကတည်းက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

သို့သော် အစိုးရက ဆောက်လုပ်ပေးသည့် ယင်းဒုက္ခသည်စခန်းများမှာ နေရပ်နှင့်အလှမ်းဝေးသဖြင့် စစ်ဘေးရှောင်များ လာရောက်နေထိုင်ခြင်းမရှိဘဲ ယခုအခါ ပုဏ္ဏားကျွန်းစစ်ဘေးရှောင်စခန်းတွင် စစ်ဘေးရှောင်များ ပထမဆုံးလာရောက်နေထိုင်ကြခြင်းဖြစ်သည်။

အဆိုပါ အစိုးရက ဆောက်လုပ်ပေးထားသည့် စစ်ဘေးရှောင်စခန်းတွင် ပုဏ္ဏားကျွန်းမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် ယခုနှစ် ဧပြီလ ၉ ရက်နေ့က စတင်နေထိုင်နေခြင်းဖြစ်ကြောင်း စခန်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

“ဒီဟာက ပြည်နယ်အစိုးရရဲ့ ခွင့်ပြုချက်နဲ့တရားဝင်လုပ်ထားတဲ့ ကယ်ဆယ်ရေးစခန်းဖြစ်တယ်။ ဒီနေရာမှာ နေမယ်ဆိုရင် ကျနော်တို့အနေနဲ့ပြည်နယ်အစိုးရရဲ့ ပံ့ပိုးမှုကိုလည်း ရနိုင်တယ်။ ရေရှည်ဆိုရင် အဆင်ပြေမယ်ဆိုပြီးတော့ အခုလိုမျိုး လာနေရတာပါ။ ဒါပေမယ့် လက်ရှိ စားရေးသောက်ရေး၊ နေရေးထိုင်ရေးနဲ့ ပတ်သတ်ပြီး အစိုးရက ဘာမှထောက်ပံ့တာတွေ မရှိသေးဘူး”ဟု ရေဖြူကန်စခန်းတာဝန်ခံ ကိုထွန်းကျော်ဇံက DMG ကို ပြောသည်။

လက်ရှိ ပုဏ္ဏားကျွန်းမြို့နယ်က စစ်ဘေးရှောင်စခန်းတွင် သာစည်၊ လက်ဝဲစာတိုက်၊ ဖက်ကျ၊ သဲဖြူချောင်း၊ ကမ်းထောင်းကြီး၊ နတ်တောင်၊ ဒိုးတန်းနှင့် ကြာညိုကန်ကျေးရွာတို့မှ စစ်ဘေးရှောင်ဦးရေ ၅၀၀ ကျော် နေထိုင်လျက်ရှိကာ မိမိအစီအစဉ်ဖြင့်သာ နေထိုင်နေရပြီး စားသောက်ရေးအတွက် လူမှုအဖွဲ့အစည်းအချို့မှ လာရောက်ကူညီမှုများသာရှိကြောင်း သိရသည်။

၎င်းကျေးရွာများမှ ရွာသားများမှာ ကျေးရွာအနီးတိုက်ပွဲဖြစ်ပွားမှုများ၊ ကျေးရွာအတွင်း လက်နက်ကြီးကျည် ကျရောက်မှုများကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာကြခြင်းဖြစ်ကြောင်းလည်း သိရသည်။

ပုဏ္ဏာကျွန်းမြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သန်းတင်က ယခုရောက်ရှိလာသည့် စစ်ဘေးရှောင်များအတွက် အစိုးရက ထောက်ပံ့ကူညီပေးရန် မြို့နယ်အုပ်ချုပ်ရေးမှူးမှတစ်ဆင့် ပြောကြားထားသည်ဟု ဆိုသည်။

“အုပ်ချုပ်ရေးမှူးရုံးမှာ အစည်းအဝေးလုပ်ပြီးတော့ စခန်းမှာရှိတဲ့ လူဦးရေစာရင်း၊ စေတီပြင်မှာရှိတဲ့ လူဦးရေ စာရင်းကို အတိအကျ စာရင်းကောက်ပြီးတော့ ခရိုင်ကတစ်ဆင့် ပြည်နယ်အစိုးရကို အမြန်ဆုံးဖြစ်အောင် တင်ပေးဖို့အတွက် ကျနော်တို့က ပြောထားတယ်”ဟု ဦးအောင်သန်းတင်က ပြောသည်။

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ပြောခွင့်ရသူ စည်ပင်ဝန်ကြီးဦးဝင်းမြင့်က ပုဏ္ဏားကျွန်းမြို့နယ်တွင် အစိုးရက ဆောက်လုပ်ပေးထားသည့် ဒုက္ခသည်စခန်း၌ စစ်ဘေးရှောင်များ ရောက်ရှိနေသည်ကို မသိသေးကြောင်း DMG ကို ယနေ့ နေ့လည်ပိုင်းက ပြောသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည်မှာ ၂ နှစ်ခန့်ကြာမြင့် လာနေပြီး တိုက်ပွဲအကျိုးဆက်ကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရသည့် ဒုက္ခသည်ဦးရေ တစ်သိန်းငါးသောင်း ခုနှစ်ထောင်ကျော် ရှိနေပြီဖြစ်ကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်များအစည်းအရုံး(REC)က ထုတ်ပြန်ထားသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...