ရေနံတင်သင်္ဘောနှင့် နိုင်ငံခြားသား အဝင်အထွက် ဆိုင်းငံ့တားဆီးပေးရန် ကျောက်ဖြူတွင် အသံတိတ် ဆန္ဒဖော်ထုတ်

ရေနံတင်သင်္ဘောနှင့် နိုင်ငံခြားသား အဝင်အထွက် ဆိုင်းငံ့တားဆီးပေးရန် ကျောက်ဖြူတွင် အသံတိတ် ဆန္ဒဖော်ထုတ်

ခိုင်မင်း(ကျောက်ဖြူ) — ကိုရိုနာဗိုင်းရပ်စ်(COVID 19)ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးအတွက် ရေနံတင်သင်္ဘောနှင့် နိုင်ငံခြားသား အဝင်အထွက် ဆိုင်းငံ့တားဆီးပေးရန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင်  ဧပြီလ ၈ ရက်နေ့က အမျိုးသားနှစ်ဦး အသံတိတ် ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

ကျောက်ဖြူမြို့နယ်၊ မြဒေးကျွန်းတွင် ရေနံတင်သင်္ဘောများ ဝင်ထွက်သွားလာခြင်းနှင့်အတူ နိုင်ငံခြားသားများ အဝင်အထွက် ရှိနေခြင်းတို့ကြောင့် ဒေသခံများကို COVID-19 ရောဂါ ကူးစက်မှုဖြစ်လာမည်ကို စိုးရိမ်သည့်အတွက် ဆန္ဒထုတ်ဖော်ရခြင်းဖြစ်သည်ဟု ဆန္ဒဖော်ထုတ်ရာတွင် ဦးဆောင်သူ ကိုမျိုးလွင်က DMGသို့ ပြောသည်။

"လက်ရှိအနေအထားအရ COVID-19 ရောဂါဟာ ကမ္ဘာတစ်ခုလုံးအတွက် လူသားမျိုးနွယ်တစ်ခုလုံးအတွက် ခြိမ်းခြောက်နေတဲ့ ရောဂါကပ်ကြီး တစ်ခုဖြစ်တယ်။ အဲဒါကြောင့် ဒီဖက်မှာ ကျောက်ဖြူမြို့နယ်ထဲမှာ ရေနံတင် သင်္ဘော အဝင်အထွက်တွေ ရှိနေတယ်။ အဲဒီသင်္ဘောမှာလည်း နိုင်ငံခြားသားတွေ ပါဝင်နေကြတယ်ပေါ့နော်။ အဲဒီလို ပါဝင်နေကြတဲ့အတွက် ဒေသမှာရှိတဲ့ ရခိုင်မျိုးနွယ်စုတွေ၊ ရခိုင်တိုင်းရင်းသားတွေကို လာပြီးတော့ ရောဂါကူးစက်လာမှာကို စိုးရိမ်တယ်” ဟု ၎င်းကဆိုသည်။

မြဒေးကျွန်းဆိပ်ကမ်းမှ ထွက်ခွာလာသည့် တရုတ်ရေနံတင်သင်္ဘောများ ဖြတ်သန်းသွားလာချိန်တွင် ကိုမျိုးလွင်နှင့် ကိုသိန်းညွှန့်တို့က ကျောက်ဖြူမြို့ဝင်ဆိုင်းဘုတ်အနီး၌ ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

မြန်မာနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုးတွေ့ရှိသူ ၂၂ ဦးအထိ ရှိလာပြီး သေဆုံးသူ ၃ ဦးရှိနေသည်ဟု ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရ သိရသည်။

ယင်းအပြင် ကိုရိုနာဗိုင်းရပ်စ်ရောဂါနှင့်ပတ်သက်ပြီး သတိပေး၊ ပညာပေးချက်များကို အချိန်နှင့်တပြေးညီ သိရှိနိုင်ရန်အတွက် ရခိုင်နှင့်ချင်းပြည်နယ်က မြို့နယ်(၉)မြို့နယ်ကို အင်တာနက်အမြန်ဆုံးဖွင့်လှစ်ပေးရန်လည်း တောင်းဆိုခဲ့ကြသည်။

“အခု ကမ္ဘာ့ကပ်ရောဂါလို့ပြောတဲ့ COVID-19 နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒေသခံပြည်သူတွေ သိနိုင်ဖို့ပေါ့နော်။ အင်တာနက်ကတစ်ဆင့် အချက်အလက်တွေ သိနိုင်ဖို့အတွက်။ အဲဒါတွေကြောင့်လည်း ကျွန်တော်တို့က ဆန္ဒပြရတဲ့ ရည်ရွယ်ချက်တစ်ခု ဖြစ်တယ်ပေါ့နော်” ဟု ကိုမျိုးလွင်ကပြောသည်။

တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားမှုများရှိနေသည့် ရခိုင်နှင့်ချင်းပြည်နယ်တို့တွင် အစိုး ရက အင်တာနက်ဖြတ်တောက်ထားသည်မှာ (၁၀)လခန့်အထိရှိလာကာ အင်တာနက်အမြန်ဆုံးပြန်ဖွင့်ပေး ရန် ပြည်တွင်းအရပ်ဖက်အဖွဲ့အစည်းများနှင့်နိုင်ငံတကာသံရုံးကများလည်း တောင်းဆိုနေကြသည်။

April 30, 2026
အမ်း- ပဒါန်းလမ်းပိုင်း ရခိုင်ရိုးမတောင်ပေါ်ရှိ မကွေးတိုင်း၊ နတ်ရေကန်အနီး ဂုတ်ကြီးစခန်းသို့...
မောင်တောမြို့တွင်း တစ်နေရာကို ၂၀၂၅ ခုနှစ်အတွင်းက တွေ့ရစဉ်။
April 29, 2026
အာရက္ခတပ်တော် ထိန်းချုပ်ရာ မောင်တောမြို့နယ် တောင်ပိုင်း အောင်သုခကျေးရွာတွင် အသက် ၃ နှစ်အရွယ်...
April 28, 2026
ရခိုင်ပြည် ပြင်ပသို့ ထွက်ခွာနေကြသည်ဟုဆိုကာ ပလက်ဝမြို့နယ်ရှိ စစ်ဆေးရေးဂိတ်များတွင်...
April 27, 2026
စစ်ခေါင်းဆောင်ဟောင်း သမ္မတ ဦးမင်းအောင်လှိုင်ကိုယ်တိုင် ငြိမ်းချမ်းရေးစကားပြောဆိုရန် ဖိတ်ခေါ်...