ကယားပြည်နယ်အတွင်း ခရီးသွားလာမှု၊ လုပ်ငန်းလည်ပတ်မှု ၁၅ ရက်ကြာ ကန့်သတ်

ကယားပြည်နယ်အတွင်း ခရီးသွားလာမှု၊ လုပ်ငန်းလည်ပတ်မှု ၁၅ ရက်ကြာ ကန့်သတ်

ဟိန်းသက်ဦး — ကယားပြည်နယ်အတွင်း ခရီးသွားလာမှုနှင့် လုပ်ငန်းလည်ပတ်မှုများကို  ဧပြီလ ၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ၁၅ ရက်ကြာ ကန့်သတ်ကြောင်း တားမြစ်မိန့်ကို ကယားပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ်က ဧပြီလ ၆ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည်။

Covid-19  ရောဂါကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်ရေးအတွက် မိမိအိမ်တွင် နေထိုင်ရန်၊ တစ်ဦး နှင့် တစ်ဦး ထိတွေ့မှုမရှိရန် Physical Distancing ပြုလုပ်ရန် လိုအပ်လာပြီ ဖြစ်သောကြောင့် တားမြစ်မိန့်ထုတ်ပြန် ကန့်သတ်လိုက်ခြင်း ဖြစ်သည်။

မရှိမဖြစ် လိုအပ်သော စားသောက်ကုန် ထုတ်လုပ်သည့်၊ ရောင်းချသည့် လုပ်ငန်းများ၊ ဆေးဝါးပစ္စည်း အရောင်းဆိုင်များ၊ ဆေးဝါးထုတ်လုပ်သည့် လုပ်ငန်းများ၊ စက်သုံးဆီဆိုင်များ၊ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းများနှင့် ဘဏ်များကို ဆက်လက်လည်ပတ်ခွင့် ပေးထားပြီး ပြည်သူများအနေဖြင့် နေထိုင်ရာမြို့နယ်များအတွင်း အစားအသောက်ဝယ်ယူမှုနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ ပုံမှန်လှုပ်ရှားဆောင်ရွက်နိုင်မည်ဖြစ်သည်။

အထူးသဖြင့် ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်း၊ Inn၊ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အဝတ်အထည်ဆိုင်များ စသည်တို့ကို ဖော်ပြပါရက်အတွင်း ယာယီ ပိတ်သိမ်းရန်နှင့် ပိတ်သိမ်းခြင်း မပြုပါက ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း အဆိုပါ တားမြစ်မိန့်တွင် ဖော်ပြထားသည်။

ယင်းအပြင် ကယားပြည်နယ်သို့ ကုန်စည်စီးဆင်းမှုအတွက် ဝင်ထွက်သွားလာနေသည့် ကုန်တင်ယာဉ်များ နှင့် သာမန်အိမ်စီးကားများမှ အပ  ခရီးသည်ပို့ဆောင်ရေး ယာဉ်လိုင်းများ၊ ဘုရားဖူးယာဉ်များ၊ အပန်းဖြေခရီးသွားယာဉ်များ၊ အလည်အပတ်သွားရောက်သည့် ယာဉ်များ နှင့် အိမ်စီးကားများအနက် ယာဉ်မောင်းအပါအဝင် ၇ ဦးထက် ပိုသော မော်တော်ယာဉ်များအားလုံးကိုလည်း ပြည်နယ်သို့ ဝင်ထွက်သွားလာခွင့် ၁၅ ရက်ကြာ ယာယီ ပိတ်သိမ်းထားမည် ဖြစ်သည်။

ထို့ကြောင့် ဒေသခံလူထုအနေဖြင့် အဆုတ်ရောင်ရောဂါ ပြန့်ပွားမှု ထိန်းချုပ်ခြင်းလုပ်ငန်း ကို အမျိုးသားရေးတာဝန်တစ်ရပ်ဖြင့် လိုက်နာဆောင်ရွက်သွားရန် အသိပေးကြေညာကြောင်း အဆိုပါတားမြစ်မိန့်တွင် ဖော်ပြထားသည်။

ယခုအခါ ကယားပြည်နယ်အတွင်း သံသယရှိ လူနာ ၃၃ ဦးကို ကုသစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး ရောဂါပိုးကင်းစင်ကြောင်း တွေ့ရှိခဲ့သဖြင့် ဆေးရုံမှ ပြန်လည်ဆင်းခွင့်ပြုထားပြီးဖြစ်ကြောင်း သိရသည်။

<><><>

Photo Credit - ကယားပြည်နယ်အစိုးရအဖွဲ့ ရုံး

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...