တပ်မတော် ပစ်ခတ်၍ ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးဟု KNU ပြော

တပ်မတော် ပစ်ခတ်၍ ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးဟု KNU ပြော
မူတြော် စစ်ရှောင် IDPs များ။
မူတြော် စစ်ရှောင် IDPs များ။

စအိုင်ဆူး — မူတရော်(ဖာပွန်)ခရိုင် လူသောမြို့နယ် စောမူပလောဒေသ စောနွဲပလောနေရာ၌ မြန်မာ့တပ်မတော်က ပစ်ခတ်၍ ဒေသခံ လူထုခေါင်းဆောင်တစ်ဦး သေဆုံးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး - KNUက ဧပြီ ၁ရက်တွင် သတင်းထုတ်ပြန်သည်။

တပ်မတော် ဖောက်လုပ်ထားသော ကားလမ်းကို မတ်လ ၃၁ရက် ဒေသစံတော်ချိန် ညနေ ၆နာရီ ၅၀မိနစ်ခန့်တွင် ဒေသခံရွာသားများ ဖြတ်ကူးစဉ် တပ်မတော်ဘက်မှ ပစ်ခတ်လိုက်ရာ  ထီးဘောခီးရွာသား အသက် (၅၆)နှစ်အရွယ် စောသက်မီး(ခ)ဘူးဂေါ်ဆဲပါကို ထိမှန် သေဆုံးသွားကြောင်း KNU တပ်မဟာ(၅)၊ မူတြော်ခရိုင်က အတည်ပြုပြောဆိုသည်။

မူတြော်ခရိုင် လူမှုရေးတာဝန်ခံ နော်ချယ်ရီက “ပစ်တဲ့ စစ်တပ်စခန်းက စောနွဲပလောဒေသမှာရှိတဲ့ ဝါကလဲတူက။ အဲမှာ ဒေသခံတစ်ဦးက စားနပ်ရိက္ခာ သယ်သွားတယ်။ ညနေပိုင်းလောက်မှာ ကားလမ်းဖြတ်ဖို့လုပ်တယ်။ အဲမှာ ဖြတ်သွားဖြတ်လာတဲ့သူက အများကြီးပဲ။ အဲအချိန်မှာပဲ စစ်တပ်က သေနတ်နဲ့လှမ်းပစ်လိုက်တာပဲ။ အဲမှာ အများကြီးပြေးကြတယ်။ ဇနီးဖြစ်သူက ပြေးလို့ လွတ်သွားတယ်။ အဲမှာသူကပြန်ရောက်တော့ ပြောတယ်။ သူ့ယောကျ်ားက သေနတ်မှန်ထားတယ်။ တစ်ညလုံးဘယ်သူမှသွားမရှာရဲဘူး။ စစ်တပ်ကလည်း အဲဒီကားလမ်း ပေါ်မှာစောင့်နေတော့ နောက်နေ့မနက်မှ သွားကြည့်တာ သေနေပြီ” ဟု ကေအိုင်စီသို့ပြောသည်။

ထိုသို့ ပစ်ခတ်သွားခဲ့သည့် တပ်မတော် တပ်ရင်းအမည်ကို အတိအကျမသိရှိရသေးသော်လည်း ၎င်းဒေသသည် တပ်မတော် ခြေလျင်တပ်ရင်း (ခလရ-၃၀)၏ လှုပ်ရှားနယ်မြေဖြစ်ကာ အပစ်ခတ်ခံခဲ့ရသည့် ဒေသခံရွာသားများ၏ ဆီ ၁၀ ပုံး၊ ကွမ်းသီး ပိဿာ (၂၀၀) နှင့် ပုဆိန်တစ်လက် ကျန်ရှိခဲ့ကြောင်း KNU ဗဟို စည်းရုံးရေးနှင့် ပြန်ကြားရေးဌာန၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြပါရှိသည်။

အလားတူ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစ၍ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ မော်ဖူးအခြေစိုက် ခြေလျင်တပ်ရင်း(ခလရ-၄၈)မှ လူသောမြို့နယ်၊ ဖလက်ခို့ ကျေးရွာအုပ်စုအတွင်းရှိ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်ဧရိယာအတွင်း တောမီးများရှို့မှုကြောင့် ဒေသခံရွာသားများ၏ တောင်ယာခင်းများ စုစုပေါင်း ဧက (၅၀) ခန့် နှင့် သစ်တောဧရိယာ ဧက(၅၀၀)ခန့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကြောင်းလည်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်က ဧပြီ ၃ ရက် ထုတ်ပြန်ချက်၌ ဆိုသည်။

အဆိုပါ ဖြစ်စဉ်များနှင့်ပတ်သက်၍ တပ်မတော် သတင်းမှန်ပြန်ကြားရေး၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဇော်မင်းထွန်း နှင့် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ)၏ ပြောခွင့်ရ ဗိုလ်မှူးကြီး မောင်မောင်လှတို့ထံ ဆက်သွယ်သော်လည်း အဆက်အသွယ်မရ ဖြစ်ခဲ့သည်။

KNU အတွင်းရေးမှူး (၂) ပဒိုစောလှထွန်းက “ ဒါက ပြည်သူလူထုတွေကို တိုက်ရိုက် လုပ်ဆောင်တဲ့ ကိစ္စ တွေဖြစ်လာတဲ့အပေါ်မှာ ကေအဲန်ယူအနေနဲ့ NCA လမ်းကြောင်းကနေ အသိပေးတိုင်ကြားပြီးတော့ ဒီအပေါ်မှာ ရပ်တန့် ဖို့ပေါ့။ အဲဒါတွေကို မလုပ်ဖို့ပေါ့၊ ဒါတော့ ပြောရမယ်လေ။ တပ်တပ်ချင်းတွေ့တဲ့ ကိစ္စတွေမှာ ဖြေရှင်း နိုင်ဖို့ လုပ်ရမယ်။ ဒီအချိန်ဒီကာလမှာတွေ့ရဖို့ခက်တဲ့အတွက် သူတို့ဆီကို တိုင်ကြားစာ၊ အကြောင်းကြားစာ နဲ့ ကန့်ကွက် စာတွေပေးပို့ထားပေးရမှာပေါ့”ဟု ကေအိုင်စီသို့ ပြောသည်။

၎င်းပစ်သတ်ခံခဲ့ရသူ ဒေသခံရွာသား စောသက်မီး ဆိုသူမှာ မူတြော်ဒေသတွင် ယနေ့အချိန်ထိ စစ်ပြေးရှောင် နေရဆဲ IDP များအတွက် စားနပ်ရိက္ခာ သွားဝယ်ရာမှ အပြန်လမ်းတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်းနှင့် သူသည် IDP များအတွက် အကူအညီပေးနေသည့် ဒေသခံလူထုခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း ကရင်ငြိမ်း ချမ်းရေး အထောက်ကူပြုကွန်ယက်-KPSN ကလည်း ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ထားသည်။

အလားတူ သေဆုံးသွားသူ စောသက်မီးသည် သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်အတွင်း ကျေးရွာပိုင်ဘုံ သစ်တော တစ်ခု၏ ကော်မတီဝင်ခေါင်းဆောင်တစ်ဦးဖြစ်သလို ကော်သေးဂူ ခေါ် ဒေသတစ်ခု၏ တရားစီရင်ရေး ကော်မ တီ၏ ဒုတိယ တရားသူကြီး တစ်ဦးလည်းဖြစ်သည်။ အပစ်ခံရသည့် နေရာတွင် တပ်မတော်မှ နေရာယူထား သေးသောကြောင့် ယနေ့အချိန်ထိ ၎င်း၏ရုပ်အလောင်းကို မိသားစုဝင်များမှ သွားရောက် ကောက်ယူနိုင်ခြင်း မရှိသလို ၎င်းသေဆုံးချိန်တွင် ဇနီးသည်နှင့် ကလေး (၅)ဦးကျန်ရစ်ကြောင်း သံလွင်ငြိမ်းချမ်းရေး ဥယျာဉ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

မူတရော်ခရိုင်၊ တပ်မဟာ ၅ အတွင်း လှုပ်ရှားနေသော မြန်မာ့တပ်မတော်များမှာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် လက်အောက်ခံ ခြေမြန်တပ်ရင်း (ခမရ – ၅၉၀ ၊ ၅၈၉ ၊ ၃၅၀ ၊ ၅၉၈ ၊ ၄၃၉ ၊ ၆၀၃ ) ခြေလျင်တပ်ရင်း(ခလရ – ၅၁ ၊ ၇၁ ၊ ၇၅ ၊ ၅၇ ၊ ၆၀ ၊ ၃၀ ၊ ၃၉) စသည်တို့ဖြစ်ပြီး စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ပြီး သတ်မှတ် ထားသောနေရာကို ကျော်လွန်လှုပ်ရှားသောကြောင့် ကရင်လွတ်မြောက်ရေးတပ်မတော် (KNLA)တပ်မဟာ ၅ နှင့် ပစ်ခတ်မှုများ(၃) လအတွင်း ( ၅၉ ) ကြိမ်ရှိခဲ့ကြောင်း ကေအဲန်ယူဘက်က သတင်းထုတ်ပြန်ထားသည်။

ထိုသို့ ထိတွေ့ပစ်ခတ်မှုများရှိနေသေးသောကြောင့် ယခင်လများအတွင်း တောထဲသို့ ထွက်ပြေးတိမ်း ရှောင်နေခဲ့သည့် စစ်ပြေးရှောင် (၃၆၇)ဦး ဆက်တိမ်းရှောင်နေဆဲဖြစ်ပြီး သတိဖြင့် ပြန်လည်ဝင်ရောက်နေ ထိုင်သည့် ဒေသခံရွာသား (၇၂၅)ဦးရှိကာ ဒေသခံ(၅,၆၆၁)ဦးမှာ ယနေ့အချိန်ထိ စိုးရိမ်နေရသည့်အခြေ အနေအောက်တွင် တည်ရှိနေသေးကြောင်း အရပ်ဖက်အဖွဲ့အစည်းများက ဆိုသည်။

အလားတူ ပြီးခဲ့သည့် မတ်လ ၅ ရက်နေ့တွင် ကေအဲန်ယူ၏သစ်တောစောင့်အဖွဲ့ဝင်တစ်ဦး တပ်မတော်၏ ပစ်ခတ်ခြင်းခံခဲ့ရ၍ သေဆုံးသွားသလို ပြီးခဲ့သည့် ၂၀၁၈ခုနှစ် ဧပြီလ ၅ရက်နေ့တွင်လည်း ဒေသတွင်း သဘာဝ ပတ်ဝန်းကျင်အရေး တက်ကြွလှုပ်ရှားသူ သံလွင်ငြိမ်းချမ်းရေး ဥယျာဉ် ခေါင်းဆောင် စောအိုမူးဆိုသူလည်း ပစ်သတ်ခြင်းခံခဲ့ရကြောင်း သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...