ထိုင်းပြန် မြန်မာလုပ်သားများ စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက် နေထိုင်ပြီးမှ ပြည်ဝင်ခွင့် ရမည်

ထိုင်းပြန် မြန်မာလုပ်သားများ စောင့်ကြည့်ရေးစခန်းတွင် ၁၄ ရက် နေထိုင်ပြီးမှ ပြည်ဝင်ခွင့် ရမည်

နေနော် - ထိုင်းမှ မြန်မာသို့ မြဝတီနယ်စပ်မှတဆင့် ပြန်လာသူ မြန်မာရွှေ့ပြောင်းလုပ်သားများကို သတ်မှတ်ထားသော စောင့်ကြည့်ရေးစခန်းများတွင် ၁၄ ရက် နေထိုင်ရန် ဝန်ခံကတိပြုစေပြီးမှသာ ပြည်တွင်းသို့ ဝင်ခွင့်ပြုထားကြောင်း သိရသည်။

“ဒီနေ့ ဧပြီလ ၁ ရက်နေ့ကစပြီးတော့ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂)တံတားကနေ ပြန်လာတဲ့သူတွေကို နိုင်ငံတော်က သတ်မှတ်ထားတဲ့ Community Quarantine တွေမှာ ကျန်းမာရေးစောင့်ကြည့်မှု ၁၄ ရက် ခံယူပြီးမှ မိမိနေရပ်သို့ပြန်ရန် ဝန်ခံကတိ ထိုးပြီး ဝင်ရောက်ခွင့်ပြုနေပါတယ်”ဟု မြဝတီမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ကရင်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောသည်။

ထိုင်းနိုင်ငံဘက်မှ ခရီးသွားလာမှုတွင် ကန့်သတ်မှုများရှိနေသော်လည်း ထိုင်းရောက်မြန်မာ လုပ်သား များမှာ အကြောင်းအမျိုးမျိုးကြောင့် နေရပ် မြန်မာနိုင်ငံသို့ မြဝတီနယ်စပ် ထိုင်း-မြန်မာ အမှတ်(၂) တံတားမှတဆင့် ဧပြီလ ၁ ရက်နေ့တွင် လူဦးရေ ၁,၀၀၀ ဝန်းကျင်ခန့် ဝင်ရောက်လာကြောင်း တာဝန်ရှိသူများ၏ ပြောပြချက်အရ သိရသည်။

၎င်းတို့ကို ထားရှိရန် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ ကျောက်လုံးကြီး ပြန်လည်ထူထောင်ရေးစခန်း၊ ရွှေမြဝတီဈေးအနီးက MoU ရုံးခန်း၊ ရွှေမြဝတီစျေး၊ အ.ထ.က (၁) ကျောင်းနှင့် ထာဝရ နှစ်သစ်ကူးကွင်း နေရာတို့တွင် လည်း ကောင်း၊ အမှတ် ၃ ရပ်ကွက်ရှိ အ.ထ.က ၂ ကျောင်း (ယခင်ရွှေမြဝတီစက်ရုံ)နှင့် လေးကေ့ကော်မြို့ အ.မ.က ကျောင်း မိုးလုံလေလုံခန်းမတို့တွင် Quarantine စောင့်ကြည့်ရေးစခန်းများ ထားရှိလျက် တိုးချဲ့ပြင်ဆင် ဆောင်ရွက်နေကြောင်း မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ပြောသည်။

ထိုင်းနိုင်ငံမှ ပြန်လာသူတစ်ဦးတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး တွေ့ရှိပြီးနောက် ပြည်ပပြန်များကို Home Quarantine ဖြင့် နေထိုင်ခွင့်မပြုတော့ဘဲ သတ်မှတ်ထားသော စောင့်ကြည့်ရေးစခန်းများတွင်သာ ၁၄ ရက် နေထိုင်ကြရန် ထုတ်ပြန်ထားပြီး မလိုက်နာက ဥပဒေအရ အရေးယူသွားမည်ဟု သိရသည်။

၎င်းအပြင် တိုင်းနှင့်ပြည်နယ် ဒေသအသီးသီးတွင် Quarantine စောင့်ကြည့်ရေးစခန်းများ တိုးချဲ့ဖွင့်လှစ်နိုင်ရန် ပြင်ဆင်နေချိန်ဖြစ်သည့်အတွက် နယ်စပ်မှတဆင့် ပြည်ပနိုင်ငံများက ပြန်လာလိုသူများအနေဖြင့် ဧပြီလ ၁၅ ရက်နေ့ နောက်ပိုင်းမှသာ ပြန်လည်ဝင်ရောက်ကြပါရန် မြန်မာနိုင်ငံ အစိုးရအဖွဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မတ်လ ၃၀ ရက်တွင် တိုက်တွန်းထားသည်။

ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားအရေး ဆောင်ရွက်နေသူ တစ်ဦးက “ပြည်ပကနေ အလုံး အ ရင်းဖြင့် မဟုတ်ရင်တောင်မှ သူတို့ရဲ့ အခက်အခဲအမျိုးမျိုးကြောင့် ပြန်လာလိုသူနဲ့ တစ်ချို့တွေဆိုရင် ပတ်စ်ပို့ စာအုပ် ဗီဇာသက်တမ်းကုန်သွား၍ သူတပါးတိုင်းပြည်မှာ ဆက်လက်နေထိုင်ဖို့ မဖြစ်တော့လို့ မိခင်နိုင်ငံသို့ ပြန်လာတဲ့သူတွေကို မလာကြနဲ့ဆိုပြီး ပိတ်ပင်ထားလို့တော့ မရပါဘူး။ သူတို့အတွက် တရားဝင်လမ်းကြောင်းကနေ ပြန်လာလို့ရအောင် လမ်းတခုဖွင့် ထားပေးသင့်ပါတယ်။ ကျန်းမာရေးအရ ဆိုရင်လည်း ပြန်လာသူတွေကို စနစ်တကျစောင့်ကြည့် စစ်ဆေးမှုတွေ ပြုလုပ်နိုင်မယ်ဆိုရင်တော့ အားလုံးအတွက် အဆင်ပြေနိုင်မယ်”ဟု သုံးသပ်ပြောဆိုသည်။

ထိုင်း-မြန်မာနယ်ခြား မြဝတီ-မဲဆောက် အမှတ်(၂) ချစ် ကြည်ရေးတံတားမှတဆင့် ထိုင်းနိုင်ငံ ဒေသအ သီးသီးမှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သားဝင်ရောက်လာမှုမှာ မတ်လ ၂၁ ရက်မှစ၍ ဧပြီလ ၁ ရက်နေ့အထိ စုစုပေါင်း ဦးရေ ၃ သောင်းကျော်ရှိပြီဟု တာဝန်ရှိသူများက ပြောသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...