စောရှား — ကရင်ပြည်နယ်၊ ဖားအံမြို့အရှေ့ဖက်ခြမ်းရှိ အုန်းတပင်ရွာ၌ မတ်လ ၂၅ ရက်က လက်ပစ်ဗုံး ပေါက်ကွဲပြီး သေဆုံးသွားခဲ့သည့် ဦးဉာဏ်မြင့်ဆိုသူမှာ လက်နက်ကိုင်အဖွဲ့အစည်းနှင့် ဆက်စပ်မှုရှိ မရှိ ဆက်လက် စုံစမ်း စိစစ်နေဆဲဟု ကရင်ပြည်နယ် ရဲမှူးကြီးအောင်မြတ်မိုးက ကေအိုင်စီသို့ ပြောသည်။
လက်ပစ်ဗုံး စနက်တံပြုတ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်တွင် ဦးဉာဏ်မြင့်မှာ ချက်ချင်း သေဆုံးပြီး ဘေးနားရှိ သူ၏သမီး နန်းမြင့်မြင့်ဌေးကလည်း ဆေးရုံသို့ ရောက်ရှိစဉ် သေဆုံးသွားခဲ့သည်။
“စိစစ်ဆဲပါ။ လက်ပစ်ဗုံး ဖောက်ခွဲတဲ့လူကလည်း ချက်ချင်း သေတယ်။ ဘေးက သူ့သမီးကလည်း ဆေးရုံမှာ သေသွားတယ်။ အနီးစပ်ဆုံး မြင်တွေ့တဲ့သူကလည်း မရှိဘူး။ ကိုက် ၁၅၀ လောက်မှာ ရှိတဲ့ သူ့ဇနီးကလည်း အသံ ကြားမှ သိတယ်ဆိုတော့။ ကျနော်တို့ လိုက်လံရှာဖွေမေးမြန်းနေပါတယ်”ဟု ရဲမှူးကြီးအောင်မြတ်မိုးက မတ်လ ၂၅ ရက်တွင် ပြောသည်။
ဦးဉာဏ်မြင့်သည် မိန်းမနှင့်ကွဲနေသည်မှာ ၅ နှစ်ခန့်ရှိခဲ့ပြီး လွန်ခဲ့သော ရက်ပိုင်းကမှ ထိုင်းနိုင်ငံမှ အုန်းတပင်ရွာ သို့ ပြန်လည်ရောက်ရှိခဲ့ကာ အသောက်အစားရှိသလို မိသားစုဝင်များကိုလည်း အမြဲလိုလိုရန်ရှာတတ်ကြောင်း ဒေသခံများထံမှ သိရသည်။
ဖြစ်ပွားခဲ့သည့် အိမ်ဘေး၌ အနီးစပ်ဆုံးရှိနေခဲ့သော စောခိုလာက “သစ်စက်ပေါ်မှာ အိပ်နေတုန်း ဝုန်းကနဲ အသံကြားတာနဲ့ လန့်ပြီး ခုန်ချလိုက်တယ်။ နောက်မှ အိမ်ပေါ် တက်ကြည့်တော့ ဗုံးပေါက်ကွဲပြီး သားအဖ နှစ်ယောက် လဲနေတာတွေ့တယ်။ အဖေဖြစ်သူအကြောင်းလည်း သေချာမသိတော့ လက်နက်ကိုင်အဖွဲ့နဲ့ ဆက်စပ်မှု ရှိမရှိကတော့ ပြောမတတ်ပါဘူး” ဟုပြောသည်။
သေဆုံးသွားခဲ့သူ အသက် ၂၄ နှစ်အရွယ် အကြီးဆုံးသမီး နန်းမြင့်မြင့်ဌေးမှာ အထက်တန်းပြ ဆရာမအဖြစ် ဖားအံမြို့နယ် နောင်ပလိန်ကျောင်း၌ တာဝန်ထမ်းဆောင်နေသူဖြစ်ကာ အေးအေးဆေးဆေးနေ တတ်သူဖြစ် ကြောင်းလည်း စောခိုလာက ဆက်ပြောသည်။
ဦးဉာဏ်မြင့်တွင်ရှိနေခဲ့သော လက်ပစ်ဗုံးမှာ ထိုင်းနိုင်ငံမှ ပြန်လာကတည်းက ပါလာသည်ဟု ယူဆနေကြပြီး အုန်းတပင်ရွာဇာတိမဟုတ်သော သူ့အကြောင်းကို အသေအချာမသိရှိကြောင်း အုန်းတပင်ရွာသားများက ပြောသည်။







