Covid-19 စိုးရိမ်မှုထက် ပတ်စ်ပို့သက်တမ်း ကုန်လျှင် ဖမ်းဆီးခံရမည်စိုး၍ ပြန်လာကြခြင်းဟု အလုပ်သမားများ ပြော

Covid-19 စိုးရိမ်မှုထက် ပတ်စ်ပို့သက်တမ်း ကုန်လျှင် ဖမ်းဆီးခံရမည်စိုး၍ ပြန်လာကြခြင်းဟု အလုပ်သမားများ ပြော

နေနော် - ထိုင်းနိုင်ငံရှိ နေရပ်အသီးအသီးမှ ထိုင်း-မြန်မာနယ်စပ်ကတစ်ဆင့် မြန်မာပြည်တွင်းသို့ ပြန်လည် ဝင်ရောက်လာသော မြန်မာရွှေ့ပြောင်းလုပ်သား အများစုမှာ Covid-19 ကိုရိုနာဗိုင်းရပ်စ် ကူးစက်မည်ကို စိုးရိမ်မှုထက် မိမိတို့၏ ပတ်စ်ပို့စာအုပ် သက်တမ်းလွန်လျှင် ဖမ်းဆီးအပြစ်ပေး ခြင်းခံရမည်ကို စိုးရိမ်၍ ပြန်လာရခြင်းဖြစ်ကြောင်း ကာယကံရှင်များက ပြောသည်။

ထိုင်း-မြန်မာနယ်စပ် မြဝတီ-မဲဆောက် အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် မတ်လ ၂၃ ရက် နံနက်ပိုင်းတွင် ပြန်လည်ဝင်ရောက်လာသူများက ယင်းသို့ ဆိုခဲ့ခြင်း ဖြစ်သည်။

“ဒီရက်ပိုင်းအတွင်း ပြန်လာတဲ့သူအများစုကတော့ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ ပတ်စ်ပို့စာအုပ် သက်တမ်း ကုန်ဆုံးတော့မယ့် CI အစိမ်းရောင် ပတ်စ်ပို့စာအုပ် အမျိုးအစား ကိုင်ဆောင်သူတွေ ဖြစ်ကြပါတယ်။ ပြန်လာရတဲ့ အကြောင်းရင်းက သူတို့ရဲ့ ပတ်စ်ပို့ သက်တမ်း မကုန်ခင်မှာ မြန်မာပြည်တွင်းကို ပြန်လာပြီး MoU စနစ်ဖြင့် အသစ်ပြန်လုပ်ပြီး ထိုင်းသို့ ပြန်ဝင်ကြမယ့်သူတွေက အများစုဖြစ်ပါတယ်”ဟု ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှ နေရပ်ပြန် မြန်မာရွှေ့ပြောင်းလုပ်သား ကိုမိုးကြီးက ပြောသည်။

ထိုင်းနိုင်ငံတွင် CI အစိမ်းရောင် ပတ်စ်ပို့ ကိုင်ဆောင်သူ မြန်မာရွှေ့ပြောင်းလုပ်သား ဦးရေ  ၁ သန်းခန့်ရှိပြီး ၎င်းတို့အနေဖြင့် ပတ်စ်ပို့ ဗီဇာသက်တမ်း ကျော်လွန်၍ ဆက်လက်နေထိုင်မည်ဆိုပါက ထိုင်းနိုင်ငံ တည်ဆဲဥပဒေအရ အရေးယူခံရမည်ကို စိုးရိမ်သောကြောင့် ယခုလို လူဦးရေ အလုံးအရင်းဖြင့် ပြန်လည်ဝင်လာခြင်းဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် သက်တမ်းကုန်ဆုံးတော့မည့် C.I အစိမ်းရောင်ပတ်စ်ပို့ ကိုင်ဆောင်သည့် မြန်မာလုပ်သားများကို ထိုင်း အလုပ်ရှင်များဘက်က လုပ်ငန်းခွင်မှာ ဆက်လက် လုပ်ကိုင်နိုင်ရန် တိကျသေချာသည့် အာမခံမှု မရှိသေးသလို ထိုင်းအာဏာပိုင်များဘက်ကလည်း မည်သို့မည်ပုံ ဖြေလျှော့ပေးမည်ကို ထုတ်ပြန်ထားချက် မရှိသေးကြောင်းလည်း ကိုမိုးကြီးက ဆက်ပြောသည်။

ပတ်စ်ပို့ဗီဇာ သက်တမ်းကျော်လွန်လျက် ထိုင်းတွင် နေထိုင်မည်ဆိုပါက ယင်းတို့၏ တည်ဆဲဥပဒေအရ ဖမ်းဆီးထောင်ချခြင်းခံရမည့်အပြင် ထိုင်းသို့ ပြည်ဝင်ခွင့် ၅ နှစ် ပိတ်ပင်ခံရမည်ဟု မြန်မာအလုပ်သမားအရေး ကူညီဆောင်ရွက်ပေးနေသူများက ပြောသည်။

ယခုလို Covid -19 ကူးစက်ပြန့်ပွားမှု မရှိစေရန် ကန့်သတ်မှုများ ရှိနေချိန်တွင် ပတ်စ်ပို့ သက်တမ်းကုန်ဆုံးလုဆဲ အစိမ်းရောင်ပတ်စ်ပို့ကိုင်ဆောင်သူများ ထိုင်းအလုပ်သမားရုံးတွင် လျှောက်ထားဆဲ စာရွက်စာတမ်း အထောက်အထားဖြင့် လာမည့် မေလအထိ ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ရရှိစေရန် နှစ်နိုင်ငံ တရားဝင် ထုတ်ပြန်ခြင်း မရှိသေးသော်လည်း မူအားဖြင့် သဘောတူညီမှု ရရှိထားပြီးဖြစ်သည်ဟု မဲဆောက်မြို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာအလုပ်သမား သံအရာရှိ ဦးဝေလင်းမောင်က ပြောသည်။

၎င်းက “ဒီရက်ပိုင်းထဲမှာ ထိုင်းရောက် မြန်မာအလုပ်သမားတွေအနေနဲ့ အတတ်နိုင်ဆုံး မိမိရဲ့လုပ်ငန်းခွင်မှာပဲ နေစေချင်ပါတယ် ။ လာမယ့် မတ်လ ၃၁ ရက်နေ့မှာ သက်တမ်းကုန်ဆုံးတော့မယ့် CI အစိမ်း ရောင် ပတ်စ်ပို့ကိုင်ဆောင်ထားသူတွေအနေနဲ့က နေရပ်မပြန်ဘဲ ပတ်စ်ပို့စာအုပ်သက်တမ်းတိုးဖို့ မိမိရဲ့ အလုပ်ရှင်မှတစ်ဆင့် အပိုင်နယ်မြေ အလုပ်သမားရုံးနှင့် ထိုင်းနိုင်ငံအလုပ်သမားဌာနမှာ စာရင်း သွင်းထား ဖို့လိုပါတယ်”ဟု ပြောသည်။

ပတ်စ်ပို့ သက်တမ်း ကုန်ဆုံးလုဆဲ စိုးရိမ်မှုဖြင့် ပြန်လာကြသူများနှင့် သင်္ကြန်ကာလ နေရပ်ပြန် ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားများမှာ နယ်စပ်ရှိ အမှတ်(၂)ချစ်ကြည်ရေးတံတားမှတဆင့် မြန်မာပြည်တွင်းသို့ အလုံးအရင်းနှင့် ပြန်လည်ဝင်ရောက်လျက်ရှိရာ မတ်လ ၂၁ရက်မှ မတ်လ ၂၃ရက်နေ့အထိ  ဦးရေ ၁ သောင်းကျော်ရှိပြီဟု သိရသည်။

CJ(စစ်ဘေးရှောင်ပုံဟောင်း)
May 26, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ပေါ်တွင် ယခုမေလအတွင်း အစိုးရ စာသင်ကျောင်းများပြန်ဖွင့်နိုင်ရန်...
May 25, 2026
ကရင်ပြည်နယ်၊ ဖားအံမြို့နယ်အတွင်းရှိ လမ်းဘေးမှောင်ခိုစက်သုံးဆီဆိုင်များတွင် အရည်အသွေးညံ့ဆီများကို...
May 23, 2026
နန်းသမော့ဟိ — “အရင်ကတော့ မြစ်ထဲဆင်းပြီး ခရုကောက် ငါးရှာလိုက်ရင် မိသားစုတစ်ရက်စာ ဟင်းဖိုးက...
Photo : KIC (ပုံဟောင်း)
May 23, 2026
ဘာသာစကားရှိသော်လည်း စာပေမရှိသေးသည့် ကရင်ဖြူ(ကညောဝါး)မျိုးနွယ်စုများအတွက်...