မူဆယ်နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်၌ တရုတ်ဘာသာဖြင့် ဖြည့်ခိုင်းမှုကြောင့် အချင်းဖြစ်ပွားခဲ့

မူဆယ်နယ်စပ်ဂိတ်(ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်၌ တရုတ်ဘာသာဖြင့် ဖြည့်ခိုင်းမှုကြောင့် အချင်းဖြစ်ပွားခဲ့

 

မေရည်ငြိမ်းချမ်း — ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်ခရိုင်၊ မူဆယ်နယ်စပ်ဂိတ်၊ (ဆင်ဖြူဂိတ်)တွင် ကျန်းမာရေးဖောင်များကို တရုတ်ဘာသာဖြင့် ဖြည့်ခိုင်းသည့်အတွက် ဖောင်ဖြည့်ခိုင်းသူများနှင့် မြန်မာအချို့ ကြား အချင်းများမှု ဖြစ်ပွားခဲ့ကြောင်း မူဆယ်မြို့နေ ဦးအောင်သက်ဦးက ဆိုသည်။

“မနက်က အဝင်အထွက်ကိစ္စနဲ့ပတ်သက်ပြီး ကျန်းမာရေးဖောင်ဖြည့်ရမယ့်ဟာကို တရုတ်လိုပဲဖြည့်ရမယ်ဆိုပြီး အဲဒီလိုအနေအထားနဲ့ ပဋိပက္ခနည်းနည်းလေးဖြစ်တာပါ။ အဲဒီအနေအထားမှာ စကားနည်းနည်းများတာကနေ ကျယ်ပြန့်သွားတာပေါ့။ အခုဖြစ်တာက လူဝင်လူထွက်ပေါက် ကုန်သွယ်ရေးပေါက်တော့မဟုတ်ဘူး။ ဆင်ဖြူ ပေါက်မှာဖြစ်တာပေါ့” ဟု ဦးအောင်သက်ဦးက ဆိုသည်။

မတ် ၂၁ရက် နံနက်ပိုင်းက မူဆယ်နယ်စပ်ဂိတ်၊(ဆင်ဖြူဂိတ်)တွင် မနက် ၆နာရီမှ ၈နာရီအထိ တရုတ်နိုင်ငံဘက်သို့ သွားရောက်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများကို တရုတ်နိုင်ငံဘက်မှကျန်းမာရေး ဖောင်ဖြည့်ခိုင်း ရာတွင် တရုတ်ဘာသာဖြင့်ဖြည့်စွက် ခိုင်းခြင်းကြောင့် အချင်းများမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ထိုသို့အချင်းများမှုကြောင့် မြန်မာနိုင်ငံဘက်မှ ဒေသခံအချို့ကလည်း တရုတ်နိုင်ငံမှ မြန်မာနိုင်ငံဘက်သို့ဝင် ရောက်မည့်သူများကို ဝင်၊ထွက်ခွင့်လက်ခံခြင်းမပြုဘဲ ပိတ်ပင်ထားခဲ့ကြောင်းသိရသည်။

“မနက်ပိုင်းကတော့ ပုံမှန်အသွားအလာပြုလုပ်သူတွေနဲ့ အနည်းအကျဉ်းတော့ပြသနာဖြစ်တယ်။ အပြောအဆို လေးတွေ နည်းနည်းလေး တရုတ်-မြန်မာ ပြည်သူလူထုနဲ့ နည်းနည်းလေးဖြစ်တာပေါ့။ လောလောဆယ်တော့ ပုံ မှန်ဖြစ်သွားပါပြီ။ ရုန်းရင်းခန်ဆတ်နည်းနည်းလေးဖြစ်တော့ နှစ်ဖက်စလုံးအဝင်မခံတဲ့ အနေအထားလေး ဖြစ်သွားတာပေါ့။” ဟု ဦးအောင်သက်ဦးက ပြောသည်။

ယခင်က တရုတ်နိုင်ငံဘက်သို့ဝင်ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသားများအား ကျန်းမာရေးဖောင် များဖြည့်စွက်ခိုင်းမှုတွင်  မြန်မာဘာသာဖြင့်သာ ဖြည့်စွက်စေခဲ့သော်လည်း လက်ရှိကိုရိုနာဗိုင်းရပ်စ် COVID-19 ကပ် ရောဂါ ဖြစ်ပွားမှုကြောင့်  တရုတ်နိုင်ငံဘက်မှ ၎င်းကျန်းမာရေးဖောင်များ တရုတ်ဘာသာဖြင့် ဖြည့်စွက်ခိုင်း ခြင်းဖြစ်သည်။

ထိုသို့ နှစ်ဘက်အချင်းပွားနေမှုကြောင့် နှစ်နိုင်ငံအဝင်အထွက်ကို ခေတ္တရပ်ဆိုင်းခဲ့ပြီး  သက်ဆိုင်ရာအဖွဲ့ အစည်းအချင်းချင်း နှစ်နာရီနီးပါးဆွေးနွေးပြီးနောက်ပြေလည်မှုရရှိခဲ့ကြောင်း မူဆယ်ခရိုင်ရဲစခန်းမှ တာဝန်ရှိသူ တစ်ဦး က ဆိုသည်။

 “တရုတ်က ကျန်းမာရေးဖောင်ဖြည့်ခိုင်းတာက တရုတ်လိုဖြည့်ခိုင်းလို့လေ။ ဒီဘက်က တရုတ်လိုမဖြည့်နိုင်တော့ အဆင်မပြေဘူးပေါ့။ အဆင်မပြေတော့ ဒီဘက်က လုံးဝမရဘူးပြောတော့။ ပြန်ဖြေလျော့ပေးလိုက်လို့ အဆင် ပြေသွားပါတယ်။တရုတ်လိုတော့ သူတို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဝင်လို့မရရင် မဝင်ဘူး သူတို့ဒီလိုပြောတော့ မူဆယ်ခရိုင် လဝကနဲ့ သူတို့ဘက်က လဝကနဲ့ တွေ့တော့ ဒီဟာက လဝကက လုပ်တာမဟုတ်ဘူး။ တရုတ် နိုင်ငံက Covid 19 နဲ့ ပတ်သက်ပြီးဖောင်ဖြည့် ခိုင်းတာလေးတွေ။ အဲဒါကို သူတို့က အင်္ဂလိပ်လိုဖြည့်ရင် လက်ခံ ပေးမယ် ထပ်ပြောတယ်၊ ဒီဘက်ကလည်း အင်္ဂလိပ်လိုလည်းမရဘူးပြောတော့။ နောက်တော့ အရင်အတိုင်းပဲ ပြန် ဖြစ်သွားပါတယ်။ အရင်အတိုင်းခွင့်ပြုပေးလိုက်တယ်။” ဟု မူဆယ်ခရိုင်ရဲစခန်းမှ တာဝန်ရှိသူက ဆိုသည်။

လက်ရှိတွင် အချင်းများမှုအခြေအနေမှာ ပြေလည်မှုရရှိခဲ့ခြင်းကြောင့် အေးအေးချမ်းချမ်းဖြင့် ဝင်ထွက်ခွင့်ရပြီ ဖြစ်ကြောင်းသိရသည်။

March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...
March 18, 2026
အတုအယောင်အဖြစ် ဝေဖန်ခံထားရသည့် စစ်ကော်မရှင်၏ ရွေးကောက်ပွဲအပြီး ယနေ့ (မတ် ၁၈) တွင် ကျင်းပသည့်...