သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် အောင်သာယာကျေးရွာတွင် နေအိမ်တစ်အိမ်အတွင်း မတ်လ ၁၀ ရက် ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၂၀ အရွယ် အမျိုးသမီးငယ် တစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ အောင်သာယာကျေးရွာမှ မနိုင်နိုင်သန်း ဖြစ်ပြီး ဒဏ်ရာရရှိသွားသူများမှာ မင်းအောင်(၃၀)နှစ်၊ မနုချိုအေး(၂၃)နှစ်၊ မယီယီသန်း(၁၅)နှစ်၊ မောင်မိုးကောင်း(၁၄)နှစ်၊ မောင်မြင့်ထက်ကျော်(၁၁)နှစ်၊ မသန်းနွယ်စိုး(၇)နှစ်နှင့် မစန်းစန်းစိုး(၂)နှစ်တို့ဖြစ်ကြောင်း သိရသည်။
ဒဏ်ရာရရှိသူများမှာ အောင်သာယာကျေးရွာ တစ်ရွာတည်းမှမဟုတ်ဘဲ ၎င်းရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေကြသည့် ပြိုင်းတိုင်းကျေးရွာသားများလည်း ပါရှိကြောင်း မိသားစုဝင်များက ပြောသည်။
“နေအိမ်အောက်မှာ နေတဲ့အချိန် လက်နက်ကြီး လာကျတာပါ။ အိမ်အောက်မှာ ဗုံးခိုကျင်းထဲမှာ ထမင်းစားနေတဲ့လူက စားနေကြပါတယ်။ အိမ်အောက်မှာ ထိုင်လို့ စားတဲ့လူက စားနေကြတယ်။ အဲဒီအဝိုင်းမှာ လာကျတာပါ။ ကျမသားမှာ ဦးခေါင်းကိုထိသွားတယ်။ ကျမသားကိုတောင် ကျမ သွားမကြည့်ရဲဘူး” ဟု ဒဏ်ရာရရှိသွားသည့် မောင်မြင့်ထက်ကျော်၏ မိခင် ဒေါ်ခိုင်သန်းရီက ပြောသည်။
ပြိုင်းတိုင်းဘက်တွင် မြန်မာ့တပ်တော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲဖြစ်ပွားနေသော်လည်း ၎င်းနေရာမှ ၂ မိုင်ခန့် ဝေးသည့် ကုလားတန်မြစ် အနောက်ဘက်ခြမ်း အောင်ယာယာကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်း မရှိကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တောင်ရှည်တောင်နှင့် ငန်းတောင်ဘက်မှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ခြင်း ဖြစ်ကြောင်း သူမက ဆက်ပြောသည်။
ဒေါ်ခိုင်သန်းရီက “ ပြိုင်းတိုင်းရွာအနီးမှာ တိုက်ပွဲ ဖြစ်နေတာကြောင့် ကျွန်မတို့က အောင်သာယာ ကမ်းကို မြစ်ကူးပြီး လာခဲ့ကြတာပါ။ ငန်းတောင်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် အောင်သာယာရွာမှာကျလို့ ဒဏ်ရာရသွားကြတာပါ။ တမင်တကာ ရွာကို ဖြိုပြီး ပစ်နေကြတာပါ။ အောင်သာယာရွာက လူတွေကလည်း အားလုံး ထွက်ပြေးသွားကြတယ်။ ဘယ်ကို ရောက်လို့ ရောက်သွားမယ်မှန်း မသိဘူး။ သွေးရူးသွေးတန်းနဲ့ ပြေးကြတာ နောက်ထပ်လည်း ဒဏ်ရာရရှိသူတွေ ရှိနေလောက်တယ်” ဟု ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေရာနဲ့ အောင်သာယာရွာကြားမှာ မြစ်တစ်မြစ် ခြားပါတယ်။ တိုက်ပွဲဖြစ်တာက မြစ်ရဲ့အရှေ့ဘက်ခြမ်းက ဖြစ်တာ။ ကျနော်တို့ရှိနေတာက အနောက်ဘက်ခြမ်းမှာပါ။ အဲဒီဘက်ကနေ လက်နက်ကြီး လာကျတာပါ” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ဒေသခံ ကျေးရွာသားတစ်ဦးက ပြောသည်။
လက်နက်ကြီးကျည် ကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး သေဆုံး ဒဏ်ရာရရှိသူများရှိသည့်အပြင် နေအိမ်များလည်း ပျက်စီးသွားကြောင်း၊ လက်ရှိတွင် အောင်သာယာကျေးရွာသားများမှာ ကျေးရွာစွန့်ခွာ ထွက်ပြေးနေကြရကြောင်း မတ်လ၁၀ ရက် ည ၉ နာရီခွဲခန့်တွင် ဆက်သွယ်မေးမြန်းစဉ် ကျေးရွာသားများက ယင်းသို့ ပြောသည်။
ဒဏ်ရာရရှိသူများမှာ မီးဝကျေးရွာသို့ ရောက်ရှိနေကြောင်း မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်၏ ပြောပြချက်အရ သိရသည်။







