သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်ရှိ မြို့နယ် ၈ ခုမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲ စာစစ်ဌာနများကို လုံခြုံရေးအခြေအနေကြောင့် မြို့ပေါ်သို့ ရွှေ့ပြောင်းစစ်ဆေးမည်ဟု သတင်းရရှိသည်။
ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် အမ်းမြို့နယ်တို့ဖြစ်ကြသည်။
ထိုသို့ စာစစ်ဌာနအချို့ရွှေ့ပြောင်း စစ်ဆေးရခြင်းမှာ မေးခွန်းလုံခြုံရေးအရ ဖြစ်သည်ဟု ရခိုင်ပြည်နယ်ပညာရေးမှူး ဦးတင်သိန်းက နိရဥ္စရာသို့ပြောသည်။
“အဓိက မေးခွန်းပါ။ ကျနော်တို့က အဲဒီစာစစ်ဌာနတွေကို အရင်ပေးထားတာက မေးခွန်းထားဖို့နေရာပါ။ မေးခွန်းက စာစစ်ဘဏ်တွေမှာထားပါတယ်။ ရဲစခန်းတွေမှာထားပါတယ်။ တချို့တချို့စခန်းတွေက လုံခြုံရေးမရှိရင် အဲဒီမေးခွန်းတွေက ထားလို့မရဘူး။ စာမေးပွဲစည်းကမ်းအရ”ဟု ဦးတင်သိန်းက ပြောသည်။
ရွှေ့ပြောင်းစစ်ဆေးရမည့် စာစစ်ဌာနများမှာ ဘူးသီးတောင်မြို့နယ်မှ စေတီတောင်၊ ရသေ့တောင် မြို့နယ်မှ စေတီပြင်၊ ဇီးကိုင်း၊ လောင်းချောင်း၊ ဥဂ္ဂါနှင့် ကူတောင်၊ ပုဏ္ဏားကျွန်း မြို့နယ်မှ ယိုးတရုတ်နှင့် ပိုးရွှီပြင်၊ ကျောက်တော်မြို့နယ်မှ ကန်စောက်၊ ရွှေပြည်၊ သရက်တပင်၊ ကျားနင်းကန်နှင့် ဒုက္ကံချောင်း၊ မြောက်ဦးမြို့နယ်မှ တိန်ညို၊ ကျီရာပြင်၊ မင်းပြားမြို့နယ်မှ ပြားချောင်း၊ မြေပုံမြို့နယ်မှ ကြာအင်းတောင်၊ ယောချောင်းနှင့် ယိုးဆနွှင်း၊ အမ်းမြို့နယ်မှ ဒါးလက်၊ ကျောက်မြောင်းနှင့် ရူးစာစစ်ဌာနများ မြို့ပေါ်သို့ ယာယီရွှေ့ပြောင်း စစ်ဆေးသွားမည်ဟုလည်း သိရသည်။
မြေပုံမြို့နယ် စစ်တွေ - ရန်ကုန်ကားလမ်းပေါ်တွင်ရှိသည့် ကြာအင်းတောင်၊ ယောချောင်း၊ ယိုးဆနွင်း စာစစ်ဌာနများမှာ လုံခြုံမှု မရှိသည့်အတွက် စာမေးပွဲဖြေဆိုရမည့် မေးခွန်းလွှာများကို သယ်ယူရန် ရဲကလုံခြုံရေး မပေးနိုင်သည့် အကြောင်းပြချက်ဖြင့် မြို့ပေါ်သို့ ပြောင်းရွှေ့စစ်ဆေးရခြင်းဖြစ်သည်ဟု ကြားသိရကြောင်း မြေပုံမြို့နယ် ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောသည်။
ရသေ့တောင်မြို့နယ်တွင် စာစစ်ဌာနပြောင်းရွှေ့ပြီး ဖြေဆိုရမည့် ကျောင်းသား ၃၀၀၀ကျော်ရှိပြီး ၎င်းတို့မှာနေရေးထိုင်ရေး အခက်အခဲဖြစ်နေကြောင်း၊ ဖြေဆိုရန် စာသင်ကျောင်းနှင့် စာမေးပွဲဖြေရန် စာရေးခုံများလည်း အခက်အခဲရှိနေကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ပြောသည်။
ဒေါ်ခင်စောဝေက “အခုမှ အချိန်နီးကပ်တဲ့အချိန် ဖြစ်လာတဲ့အတွက်နဲ့ အခုမှ စီစဉ်နေရတယ်။ နောက် အဓိကအရေးကြီးဆုံးတစ်ခုက ကလေးတွေစာဖတ်ဖို့ လုံခြုံမှုရှိဖို့လိုတယ်။ စာမေးပွဲဖြေဖို့ စာတွေကို အေးအေးဆေးဆေးဖတ်နိုင်မှ အခုဟာက လူအများကြီးနဲ့ ဖတ်ရရင် ကလေးတွေမှာ အခက်အခဲရှိတယ်။ ရသေ့တောင်မှာ စစ်ဘေးရှောင်တွေလည်း တော်တော်များများ ရှိတဲ့အတွက် အခုစာမေးပွဲဖြေဖို့တက်လာမဲ့ ကျောင်းသားတစ်ယောက်ဟာ တစ်ယောက်တည်းလာလို့မရဘူး။ သူ့ကို ပံ့ပို့ပေးဖို့ မိဘအုပ်ထိန်းသူလိုတယ်။ အနည်းဆုံး သူ့အပြင် အဖော်အဖြစ် တစ်ယောက် မဟုတ် နှစ်ယောက်တော့ ပါကိုပါလာတော့မှာ။ အဲလိုအခက်အခဲရှိတယ်” ဟု ပြောသည်။
ထိုသို့ စာမေးပွဲဖြေရန် တက်လာကြမည့် ကျောင်းသား/သူများ နေရေးထိုင်ရေး အဆင်ပြေစေရန် ရသေ့တောင်မြို့နယ်မှ လွှတ်တော်ကိုယ်စားလှယ်များကလည်း အတတ်နိုင်ဆုံး ကြိုးစားဆောင်ရွက်ပေးနေကြောင်း ဒေါ်ခင်စောဝေက ဆက်ပြောသည်။
ယခုနှစ် ဆယ်တန်းစာမေးပွဲကို မတ်လ ၁၁ ရက်နေ့တွင် စစ်ဆေးသွားမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုမည့် ရက် နီးကပ်လာချိန်ကျမှ ထိုသို့ ပြောင်းရွှေ့ရ၍ ကျောင်းသား ကျောင်းသူများအနေဖြင့် တည်းခိုရမည့်နေရာနှင့် မပြေလည်သည့် မိသားစုဝင် ကျောင်းသား ကျောင်းသူများမှာ အခက်ကြုံနိုင်ကြောင်း ကျောင်းသားမိဘများက ပြောသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ကျောင်းသားမိဘ ဦးအောင်ချမ်းက “ကိုယ့်နေရာ ကိုယ့်ဒေသမှာစစ်ဖို့ဖြစ်တယ်အတွက် ငွေရေးကြေးရေးကပင်အစ သက်တောင့် သက်သာ ဖြစ်တယ်။ အခုမှ ပုဏ္ဏားကျွန်းကို ပြောင်းပစ်တယ်ဆိုတော့ ငွေကြေး အကုန်အကျ များပြီးတော့ တည်းခိုဖို့ နေရာ အခက်အခဲတွေရှိနိုင်တယ်။ ကျောင်းသားတွေကလည်း ကိုယ့်နေရာ ကိုယ့်ဒေသမှာ စစ်ရတာနဲ့ မတူတဲ့အတွက် ဒေသစိမ်းဖြစ်တဲ့အတွက် ကျောင်းသားတွေမှာ အားနည်းချက်တွေရှိပြီးတော့ ကျောင်းသားမိဘတွေကလည်း ထိခိုက်နစ်နာမှုတွေ ရှိမယ်လို့ ထင်ပါတယ်” ဟု ပြောသည်။
မြို့ပေါ်တက်ပြီး စာမေးပွဲသွားရောက်ဖြေဆိုရပါက မရှိဆင်းရဲသားများအတွက် အလွန် ခက်ခဲကြောင်း၊ နေထိုင်စားသောက်ရေးကအစ အခက်အခဲ အများကြီးရှိကြောင်း မင်းပြားမြို့နယ် ပန်းမြောင်း အထက မှ ဆယ်တန်းကျောင်းသူ မနန်းအေးလှက ပြောသည်။
“ကျမတို့က မရှိဆင်းရဲသားတွေပါ။ အခုမင်းပြားမြို့ထက်ကိုသွားပြီ ဖြေရမယ်ဆိုတော့ ငွေရေးကြေးရေးကအစ အကုန် အခက်အခဲရှိတယ်။ ကိုယ့်ရွာမှာဆိုရင်တော့ ပိုလို့ အဆင်ပြေတာပေါ့” ဟု ပြောသည်။







