ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မြောက်ပိုင်း ကွမ်းစွဲ၊ လောင်းရှည်၊ တင်းမ၊ မီးဝ၊ ပြိုင်းတိုင်း၊ မွန်ထောင့်၊ ကျော်ရွှီပြင်၊ မုန့်သန်းပြင်၊ ကျောက်တန်း၊ မီးကျောင်းတက်စသည့် ကျေးရွာများသည် လက်ရှိ တိုက်ပွဲဖြစ်ပွားနေသည့် နေရာအနီးတွင် တည်ရှိပြီး ရွာသားများအနေဖြင့် ရွာထဲကနေ ရွာပြင်သို့ ထွက်၍ မရသလို အခြားနေရာတစ်ခုခုသို့ ထွက်ပြေးတိမ်းရှောင်မည် ဆိုပါကလည်း ကုန်းလမ်း၊ ရေလမ်း ပိတ်ဆို့ ထားသဖြင့် သွားလာမရဘဲ ဖြစ်နေကြောင်း ရွာသားများက ပြောသည်။
လောင်းရှည်ကျေးရွာ အုပ်ချုပ်ရေးမှူး ဇနီးက “ လက်နက်ကြီးကျည်ကျလို့ နွားတွေ သေနေပါတယ်။ လူတွေလည်း ဒဏ်ရာရနေပါတယ်။ ဘယ်ကို ပြေးမလဲ။ စဉ်းစားလို့ မရပါ။ ရွာအရှေ့ဘက်က ပစ်နေပါတယ်။ ရေခပ်ဖို့ ဆင်းလို့လည်း မရတော့ဘူး။ လူမြင်ရင် ပစ်နေတာပါပဲ။ ရွာရဲ့ အရှေ့ဘက်ကမ်းကနေ ရွာသားတွေကို ခေါ်ဆဲနေပါတယ်။ ရခိုင်တွေ ------- ၊-------။ ရွာရဲ့ အရှေ့ဘက်ကမ်းကနေ ခေါ်ပြီး လှမ်းဆဲနေပါတယ်။ သိပ် အခက်အခဲ တွေ့နေပါတယ်။ လူတွေကတော့ ဗုံးခိုကျင်းထဲမှာ ဝင်နေရပါတယ်။ လက်နက်ကြီးကျည် ကျရင် ဗုံးကျင်းထဲမှာ နေရင်လည်း လွတ်မှာ မဟုတ်ဘူး။ အခုက တစ်ရွာလုံး ကြောက်နေရပါတယ်။ ပြေးမယ်ဆိုရင်လည်း ဘယ်ကို ပြေးရမလဲ။ အခုက ပြေးစရာလည်း မြေမရှိ၊ စားစရာလည်း ဆန်မရှိဖြစ်နေပါပြီ” ဟု ပြောဆိုသည်။
ကျေးရွာအုပ်ချုပ်ရေးမှူးက “ အခက်အခဲ ကြုံနေရပါတယ်။ လုပ်စားဖို့ မရတော့ဘူး။ ဟင်းခင်းကို ထွက်ရင်လည်း လုပ်စားဖို့ မရတော့ဘူး။ လက်နက်ကြီးတွေနဲ့ ပစ်ပါတယ်။ လက်နက်ငယ်တွေနဲ့ ပစ်ပါတယ်။ ကျည်ဆံတွေလည်း ထိသူ ထိပါတယ်။ အမျိုးသမီးတစ်ဦးလည်း ထိပါတယ်။ အခုက ကောင်းသွားပါပြီ။ ဒီနေ့လည်း ပဲထုပ်တွေ ထမ်းလာတယ်။ လက်နက်ကြီးနဲ့ နှစ်လုံးပစ်တယ်။ နွားကလေးတစ်ကောင် သေတယ်။ နွားမ တစ်ကောင်ထိတယ်။ အမေနွားမလည်းသေတော့မှာပါ။ အဲသလို ဖြစ်နေပါပြီ။ နေလို့ မရတော့ပါ။ ရေခပ်လို့လည်း မရတော့ဘူး။ ရေခပ်ရင်လည်း ဆင်းပစ်ပါတယ်။ စစ်တပ် မသင်္ကာတာတွေ့ရင် ပစ်တာပါဘဲ။ သူတို့မှာ သူတို့ချင်း တိုက်ပွဲ ဖြစ်ရင် ဖြစ်ကြပါ။ ကျွန်တော်တို့ ရွာသားတွေနဲ့ ဘာမှ မဆိုင်ပါ။ အခုတော့ ရွာကလူတွေကိုပဲ ပစ်နေတာတော့ မသင့်တော်ဘူးလို့ ပြောချင်ပါတယ်” ဟု ပြောဆိုသည်။
လောင်းရှည်ကျေးရွာသည် ကုလားတန်မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိပြီး အိမ်ခြေ ၂၀၀ ကျော်၊ လူဦးရေ ၆၀၀ ကျော်ရှိကြောင်း သိရသည်။
ရွာသား တစ်ဦးက “ ကုလားတန်မြစ်အရှေ့ဘက်ကမ်း အလုပ် လားဖို့လည်း မရ၊ ဒီရွာမှာ ပြင်ပကို သွားလို့ မရဘူး။ လက်နက်ကြီးတွေ ပစ်တယ်။ လောင်းရှည် အုပ်စု ၊ ကုလားတန်မြစ်ကနေ ရေခပ်ရတယ်။ ရေချိုးတာကိုမြင်ရင် ငန်းတောင် တောင်ကနေ ပစ်တယ်။ လူတွေကို မြင်တယ်။ မြင်ရင်လည်း လှမ်းပစ်တယ်။ မသင်္ကာရင် လှမ်းပစ်တာပဲ။ အခက်အခဲ အရမ်းကို ဖြစ်နေပါတယ်။ ရွာထဲက စပါးစက်တွေလည်း စပါးထိုးလို့ မရဘူး။ သူတို့က အကုန်လှမ်းပစ်တာပါပဲ။ စက်နိုးတဲ့ အသံကြားရင် သူတို့က လှမ်းပစ်တာပဲ။ အခု ရိက္ခာတွေလည်း ပြတ်နေပြီ။ ဘာဆို ဘာမှ မရှိတော့ဘူး။ တစ်ခုမှ စားစရာ မရှိတော့ပါ။ အခုလို ဒုက္ခ ဖြစ်နေတာက ကျွန်တော်တို့ တစ်ရွာတည်း မဟုတ်ဘူး။ တစ်အုပ်စုလုံးနဲ့ အနီးအနားက ရွာတွေအကုန်လုံး ခုလို အခက်အခဲ ကြုံနေရတာ” ဟု ပြောသည်။
အမျိုးသမီးငယ် တစ်ဦးက “ ရေတွေလည်း ခပ်ဖို့ မရတော့ဘူး။ မြစ်ကမ်းနားကို ဆင်းရင် လှမ်းပစ်တယ်လေ။ သမီးတို့က ကြောက်နေရတယ်လေ။ သူတို့ သေနတ်နဲ့ လမ်းပစ်တာ။ သမီးတို့က ကုလားတန်မြစ်ကပဲ ရေကို သုံးရတယ်။ ရွာမှာ ကန်တွေလည်း မရှိပါဘူး။ သမီးရေခပ်ဆင်းရင် သေနတ်နဲ့ ပစ်တယ်။ သူတို့က ပစ်ရင် သမီးတို့က တက်ပြေးရတယ်။ သမီးတို့ရွာနဲ့ သူတို့ရှိတဲ့ နေရာက အလှမ်းဝေးတာမဟုတ်ပါ။ တည့်တည့်ကို ပစ်နေတာပဲ။ သူတို့က လက်နက်ကြီးတွေလည်း ထုတယ်။ လက်နက်ငယ်တွေနဲ့လည်း ပစ်တယ်။ နေလို့ မရတော့ဘူး။ ကျွန်မတို့ အိမ်ထဲမှာလည်း ကျတယ်။ စားရိက္ခာတွေလည်း မရှိတော့ဘူး။ ဟင်းချိုမှုန့် ၊ ဆန်၊ ဆီ၊ ဆား၊ ငပိ အကုန်လုံး ရွာမှာ ဘာဆို ဘာမှ မရှိတော့ဘူး။ အကုန်လုံး ငတ်နေတာပဲ။ မြစ်ကလည်း သွားလို့ မရ။ ကုန်းပေါ်ကလည်း သွားလို့ မရ။ ဒီလိုပဲ သမီးတို့ အငတ်နေကြရတော့မလား မေးချင်ပါတယ်။ အခု အခက်အခဲဖြစ်နေတာက ရွာအများကြီးပါပဲ။ ကွမ်းစွဲ၊ လောင်းရှည်၊ တင်းမ၊ မီးဝ၊ ပြိုင်းတိုင်း၊ မွန်ထောင့်၊ ကျော်ရွှီပြင်၊ မုန့်သန်းပြင်၊ ကျောက်တန်း ရွာတွေ အများကြီးပဲ” ဟု ပြောဆိုသည်။
မတ်လ ၆ ရက်နေ့ကလည်း ဂျက်တိုက်လေယာဉ်နှစ်စင်း၊ ရဟတ်ယာဉ်နှစ်စင်းဖြင့် လောင်းရှည်ကျေးရွာအရှေ့ဘက် တောင်တန်းများကို တပ်မတော်က ဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု သိရသည်။







