မြန်မာအစိုးရအနေဖြင့် ရခိုင်ပြည်သူများ၏ အသက်အိုးအိမ်နှင့် ဘဝလုံခြုံမှုကို ကာကွယ်ပေးရန် ဂျပန်နိုင်ငံရှိ တိုင်းရင်းသား အဖွဲ့အစည်းအချို့က ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် ဆန္ဒ ဖော်ထုတ် တောင်းဆိုခဲ့ကြကြောင်း သိရသည်။
၎င်းဆန္ဒဖော်ထုတ်ခြင်းကို ဂျပန်နိုင်ငံရှိ ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) (ANDP)နှင့် တိုင်းရင်းသားအဖွဲ့အစည်းများြဖစ်သည့် AUN ၊ ကချင်အစည်းအရုံးနှင့် ကရင်အဖွဲ့အစည်းတို့ ပူးပေါင်းကာ တိုကျိုမြို့ မြန်မာသံရုံးရှေ့တွင် ပြုလုပ်ခဲ့ကြခြင်း ဖြစ်သည်။
"လက်ရှိအစိုးရနဲ့ စစ်တပ်တို့ပူးပေါင်းပြီး ရခိုင်ပြည်သူတွေအပေါ် လူ့အခွင့်အရေး ချိုးဖောက် နေမှုတွေကို ရပ်တန့်ပြီး အရင်စစ်အာဏာရှင်တွေကိုဆန့်ကျင်ခဲ့တဲ့ အရပ်သားအစိုးရအနေနဲ့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်ရာမှာ မြန်မာ့တပ်မတော် စစ်ခေါင်းဆောင်တွေကို အကာအကွယ်မပေးဘဲ အရေးယူပေးခြင်း၊ တိုင်းရင်းသားပြည်သူတွေရဲ့ လက်ရှိမြေပြင်အခြေအနေမှာ ခံစားနေရမှုတွေကို ဥပက္ခာမပြုဘဲ ပြည်သူတွေရဲ့အသက်အိုးအိမ်နဲ့ ဘဝလုံခြုံမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်နဲ့ အမှန်တရားအတွက် ရပ်တည် ကာကွယ် ပေးဖို့ တောင်းဆိုခဲ့ပါတယ်"ဟု ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်) (ANDP)၏ အထွေထွေအတွင်းရေးမှူး ကိုသက်ထွန်းအောင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်နေသည့် မြို့နယ် ရှစ်ခုနှင့် ချင်းပြည်နယ် ပလက်ဝ မြို့နယ်တို့တွင် အင်တာနက်လိုင်းများပိတ်ထားမှုမှာ ယခုဆိုလျှင် ရက်ပေါင်း ၂၅၂ ရက် ရှိသွားပြီ ဖြစ်ပြီး ကမ႓ာ့ အရှည်ကြာဆုံး အင်တာနက် ဖြတ်တောက်မှုကို ခံစားနေရကြောင်း၊ ယင်းကြောင့် သတင်းအမှောင်ချမှုများမဖြစ်ပေါ်စေရန် အင်တာနက်လိုင်းများ ပြန်လည် ဖွင့်ပေး စေလိုကြောင်း ANDP-Japan ဥက္ကဋ္ဌ ကိုဘုန်းမြင့်က ပြောသည်။
" လူ့အခွင့်အရေးချိုးဖောက်နိုင်ေအာင်၊ သတင်းအမှောင်ချနိုင်အောင် ရည်ရွယ်ချက်ရှိရှိ အားပေး လုပ်ဆောင်ပေးနေမှုတွေကို ကန့်ကွက်ရှုတ်ချပါတယ်။ အင်တာနက်ဖြတ်တောက်မှုကြောင့် ပြည်သူတွေရဲ့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေးတို့အတွက်လည်း များစွာ ထိခိုက်နစ်နာမှုတွေ ရှိနေပါတယ်။ လက်ရှိအစိုးရအနေနဲ့ လူ့အခွင့်အရေးကို ရှေးရှုပြီး အင်တာနက်အမြန်ဆုံးဖွင့်ပေးဖို့နဲ့ စစ်ဘေးရှောင်ပြည်သူတွေ ဂုဏ်သိက္ခာရှိရှိ မိမိဒေသ မိမိအိမ်ကိုပြန်လည် နေထိုင်နိုင်အောင် ကူညီဆောင်ရွက်ပေးဖို့ တောင်းဆိုပါတယ်"ဟု ကိုဘုန်းမြင့်က ပြောသည်။
AUN ဥက္ကဋ္ဌ ဦးမိုင်ကျော်ဦး၊ ကရင်အဖွဲ့အစည်းခေါင်းဆောင် ကိုစောလင်းစိန်နှင့် ကချင် ခေါင်းဆောင် ကိုဒွဲဂျာတို့ကလည်း ရခိုင်ပြည်၌ အင်တာနက်ဖြတ်တောက်မှုနှင့် တိုင်းရင်းသား ဒေသများတွင် မြန်မာစစ်တပ်၏ထိုးစစ်ဆင်မှုများကို ရပ်တန့်ပေးရန် တောင်းဆိုခဲ့ကြသည်။
ယနေ့ပြုလုပ်ခဲ့သည့်ဆန္ဒထုတ်ဖော်ပွဲတွင် လူဦးရေ ၆ဝ ခန့် တက်ရောက်ခဲ့ကြကြောင်း၊ အခမ်းအနားကို ဒေသစံတော်ချိန် ညနေ ၃ နာရီမှ ၄ နာရီခွဲအထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရခိုင်ပြည်နယ်အတွင်း လက်နက်ကြီးများဖြင့်ပစ်ခတ်ခံရမှုများကြောင့် ရခိုင်ပြည်သူများ အသက် ပေါင်းများစွာဆုံးရှုံးမှု၊ ကျောင်းသားလူငယ်များပညာရေးအခွင့်အလမ်းဆုံးရှုံးမှု၊ အိုးအိမ်စွန့်ခွာပြီး စစ်ရှောင်စခန်းများကိုထွက်ပြေးေနရမှု၊ လူ့အခွင့်အရေးချိုးဖောက်ခံရမှု၊ ကလေးသူငယ်များ၊ ကျောင်းသား/သူများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ မိသားစု သေဆုံးမှုများ ရှိနေကြောင်း ၎င်းတို့က ပြောသည်။
ရခိုင်ပြည်နယ်တွင် စစ်ပွဲကာလအတွင်း စစ်ကြောရေးတွင် အရပ်သားပြည်သူ သေဆုံးသူ (၁ဝဝ) ကျော်ရှိလာပြီး ဒဏ်ရာရှိသူ ၂၃ဝ ကျော်နှင့် သံသယဖြင့် ဖမ်းဆီးခံရသူ(၅ဝဝ)ကျော်နှင့် လက်ရှိ စစ်ရှောင်ပြည်သူတစ်သိန်းကျော်အထိ ရှိလာပြီဖြစ်ကြောင်း လူ့အခွင့်အရေး အဖွဲ့အစည်းများ၏ ထုတ်ဖော်ပြောကြားချက်အရ သိရသည်။







