အင်တာနက် ဖွင့်ပေးရန် ဆန္ဒပြသည့် ကျောင်းသား ၉ ဦးကို အမှုဖွင့်၊ ၆ ဦးကို ရဲစခန်း ခေါ်စစ်

အင်တာနက် ဖွင့်ပေးရန် ဆန္ဒပြသည့် ကျောင်းသား ၉ ဦးကို အမှုဖွင့်၊ ၆ ဦးကို ရဲစခန်း ခေါ်စစ်

ရခိုင်ပြည်နယ် မြို့နယ် ၈ ခုနှင့် ချင်းပြည်နယ် ပလက်ဝမြို့တို့တွင် အင်တာနက်လိုင်း ပြန်ဖွင့်ပေးရန် ရန်ကုန်တွင် ဆန္ဒပြတောင်းဆိုခဲ့သည့် ကျောင်းသားခေါင်းဆောင် ၉ ဦးကို  ငြိမ်း စု စီ ဥပဒေ ပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားပြီး ၎င်းတို့အထဲမှ ၆ ဦးကို ဖေဖော်ဝါရီ ၂၄ ရက်က ကမာရွတ်ရဲစခန်းတွင် ခေါ်ယူစစ်ဆေးခဲ့သည်ဟု  သတင်းရရှိသည်။

စစ်ဆေးခံရသည့် ကျောင်းသား ၆ ဦးမှာ ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) မှ ကိုဇော်ထက်နိုင်၊ ကိုအောင်ပြည့်စုံဖြိုး၊  မနှင်း၊ မအေးမြတ်မွန်ကျော်၊ ကိုနောင်ထက်အောင်နှင့် ကို သုတစိုးတို့ဖြစ်ကြသည်။ ၎င်းတို့ ၆ ဦးနှင့်အတူ   အမှုဖွင့်ခံထားရသူ နောက်ထပ် ကျောင်းသားခေါင်းဆောင် ၃ ဦးမှာ ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)မှ ကိုကျော်လင်း၊ ကိုမြတ်ဟိန်းထွန်းနှင့် ဗကများအဖွဲ့ချုပ်မှ ကိုသက်တင်အောင်တို့ ဖြစ်ကြသည်။

အမှုဖွင့်ခံထားရသည့် ကိုမြတ်ဟိန်းထွန်းက “ရခိုင်ပြည်နယ်မှာ အင်တာနက် ဖြတ်တောက်တာနဲ့ ပတ်သက်လို့ မနေ့( ဖေဖော်ဝါရီ ၂၄)က ဆန္ဒထုတ်ဖော်တဲ့အခါ သူတို့ ငြိမ်း စု စီပုဒ်မ နဲ့တရားစွဲတာဖြစ်တယ်။ အခု ဗကသများ အဖွဲ့ချုပ်က ကျောင်းသား ခေါင်းဆောင် ၆ ယောက်ကို ခေါ်ယူစစ်ဆေးတယ်လို့ သိရတယ်။ ငြိမ်း စု စီ ပုဒ်မ (၁၉)နဲ့  ခုလိုမျိုး လွတ်လပ်စွာ ထုတ်ဖော်တာကို ကန့်သတ်လိုက်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့ မညီတဲ့အတွက် ကျနော်တို့ လက်မခံနိုင်ဘူး။ ဒါက မဖြစ်သင့်တဲ့ ကိစ္စပါ”ဟု  နိရဥ္စရာသတင်းဌာနကို ပြောသည်။

ရန်ကုန်မြို့တွင်းတွင် ရက္ခိုင်ကျောင်းသားများသမဂ္ဂ (တက္ကသိုလ်များ-ရန်ကုန်)၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်နှင့် ရန်ကုန် စီးပွားရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ(ရွာသာကြီးနယ်မြေ)တို့ ပူးပေါင်းပြီး ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် အင်တာနက်လိုင်းပြန်ဖွင့်ပေးရန် ဖေဖော်ဝါရီ  ၂၃ ရက်နေ့က လမ်းလျှောက် ဆန္ဒပြ တောင်းဆိုခဲ့ခြင်းဖြစ်သည်။

ကမာရွတ်ရဲစခန်းသို့ ဆက်သွယ်ရာ တာဝန်ကျ ရဲအရာရှိ တစ်ဦးက “ သူတို့ ဆန္ဒပြတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီးတော့ ရဲစခန်းမှာ အမှုဖွင့်ထားတယ်။ ကမာရွတ်ရဲစခန်းမှူးက ဖွင့်တာပါ။  မြို့နယ်ရဲတပ်ဖွဲ့မှူးသိန်းဟန်ကနေပြီး တရားလို တိုင်ကြားထားတာပါ။ အဲဒီ တိုင်ကြားစာနဲ့ပတ်သက်ပြီးတော့ စခန်းမှူး ဒုရဲမှူး မျိုးဦးက စစ်ဆေးနေတာပေါ့နော်။ စစ်ဆေးတဲ့အခါမှာ စွပ်စွဲခံရတဲ့သူက ၉ ယောက်ပေါ့။ ၉ ယောက်ကို သူတို့ ဗကသရုံးတွေကို ဆက်သွယ်တယ်။ ၆ ယောက်က လာရောက် စစ်ဆေးခံတယ်ပေါ့နော်။ ၃ ယောက်က စစ်ဆေးမခံသေးဘူး။ လတ်တလော ၃ ယောက်ကို ဆက်သွယ်လို့မရတော့ ၆ ယောက်ကိုစစ်ဆေးတယ်။ ၃ ယောက်က ကျန်နေသေးတော့ တရားစွဲ ဆိုတာတော့ မလုပ်သေးဘူး။ ကျန် ၃ ယောက်ကို စစ်ဆေးပြီးတော့မှ ရုံးတင်သင့် တင်မှာပေါ့။ အဲဒါကို စီမံထားတယ်” ဟု ပြောဆိုသည်။

ခေါ်ယူစစ်ဆေးခြင်းသာဖြစ်ပြီး ဖမ်းဆီးခြင်း မရှိကြောင်း၊ ငြိမ်း စု စီ ဥပဒေ ပုဒ်မ (၁၉) ဖြင့် အမှုဖွင့်ထားကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

“ဖမ်းဆီးထားတာတော့ မရှိဘူး။ ခေါ်ယူပြီးတော့ စစ်ဆေးမေးမြန်းတာ။ မှတ်တမ်းလေးတော့ ယူထားတာပေါ့။ တရားလိုကတော့ ဒီလိုပွဲမျိုး လုပ်မယ်ဆိုရင် သက်ဆိုင်ရာတွေကို တိုင်ကြားအကြောင်းကြားစာတွေမ ပို့လို့ ငြိမ်းစုစီပုဒ်မနဲ့ တိုင်ကြားထားတာပေါ့လေ” ဟု ပြောဆိုသည်။

 ကျောင်းသားများ ဆန္ဒပြတောင်းဆိုရာတွင် “ရခိုင်ပြည်တွင်း ခြွင်းချက်မရှိ အင်တာနက်လိုင်း ပြန်လည် ဖွင့်ပေးရေး”၊ “ဘူးသီးတောင်မြို့နယ် စာသင်ကျောင်းအား လက်နက်ကြီးကျရောက် ပေါက်ကွဲမှုအား တာဝန်ယူ၊ တာဝန်ခံမှုရှိစွာ ‌ဖြေရှင်းပေးရေး” နှင့် “ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာများအား လွတ်လပ်စွာ သတင်းရယူခွင့် ပေးရေး”စသည့် အချက်များပါဝင်သည်။

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝစသည့်မြို့နယ်တို့တွင်၂၀၁၉ ခုနှစ် ဇွန်လ (၂၁) ရက်နေ့က အင်တာနက်လိုင်း စတင် ဖြတ်တောက်ခဲ့သည်။ ယင်းနောက် ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁)ရက်နေ့တွင် ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တော၊ မြေပုံနှင့် ချင်းပြည်နယ် ပလက်ဝစသည့်မြို့နယ် လေးခုကို အင်တာနက်လိုင်း ပြန်ဖွင့် ပေးခဲ့သော်လည်း  ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် အင်တာနက်လိုင်း ထပ်မံ ဖြတ်တောက်ခဲ့သည်။

ယခု အင်တာနက်လိုင်းဖြတ်တောက်မှုသည် ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်လိုင်း ဖြတ်တောက်ခြင်း ဖြစ်ပြီးလူပေါင်း (၈)သိန်းကျော် ဆုံးရှုံးနစ်နာမှုများဖြစ်နေကြောင်း၊ သို့အတွက် အင်တာနက်လိုင်းများကို အမြန်ဆုံး ပြန်လည်ဖွင့်ပေးရန် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ ကျောက်ဖြူနှင့် တောင်ကုတ်မြို့များတွင်လည်း ဖေဖော်ဝါရီ ၂၂ ရက်နေ့က တပြိုင်တည်း ဆန္ဒပြတောင်းဆိုခဲ့ကြကြောင်း သိရသည်။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...