ကျောက်တော် မြို့နယ်မှ စာသင်ကျောင်းအချို့ မေးခွန်းမရောက်၍ စာမေးပွဲမဖြေရဟုဆို

ကျောက်တော် မြို့နယ်မှ စာသင်ကျောင်းအချို့ မေးခွန်းမရောက်၍ စာမေးပွဲမဖြေရဟုဆို

သန့်မြတ်ခိုင် — ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ် မီးဝကျေးရွာနှင့် တင်းမကျေးရွာ အထက(ခွဲ) စာသင် ကျောင်းတို့မှ  စတုတ္ထတန်းနှင့် အဋ္ဌမတန်း ကျောင်းသား/သူများမှာ စာမေးပွဲ မေးခွန်းမရောက်၍ စာမေးပွဲမဖြေဆိုရကြောင်း သတင်းရရှိသည်။

ယခုလ ၂၄ ရက်နေ့တွင် ၄ တန်းနှင့် ၈ တန်း ကျောင်းသား/သူများ စားမေးပွဲဖြေဆိုရမည် ဖြစ်ပြီး စာမေးပွဲဖြေဆိုရန် မေးခွန်းလွှာရောက်မလာသည့် အတွက် မီးဝကျေးရွာ အထက(ခွဲ)ကျောင်းနှင့် တင်းမကျေးရွာ အထက(ခွဲ) စာသင် ကျောင်းမှ ကျောင်းသား/သူများ စာမေးပွဲ မဖြေဆိုရဘဲ ဖြစ်နေကြောင်း ကျေးရွာသားများက ပြောသည်။

“အခက်အခဲကတော့ မေးခွန်းမရောက်တာပေါ့နော်။ ကျန်တာတော့ဘာမှမဖြစ်ဘူး။ မေးခွန်း မရောက်တာက ဘာဖြစ်လို့လည်းဆိုရင် မော်တော်ဘုတ်တွေကတော့ မရောက်လို့ ဖြစ်ပါတယ်။  အခုကျတော့ ဘုတ်တွေက မထွက်ရဲတာလား။ ဘယ်လိုလဲကျနော်လည်း မပြောနိုင်ဘူး။ မော်တော်ဘုတ် သွားလာလို့ရမှ ကျွန်တော်တို့ မေးခွန်းတွေကို ဒီကဆရာ/မ တွေက ကျောက်တော်မြို့ကနေ သွားယူလို့ရမှာလေ” ဟု ဆရာကြီးဦးမျိုးဇော်လွင်က ပြောသည်။

လိုင်းဘုတ်များထွက်လျင် မေးခွန်းများသွားယူပြီး ဖြေဆို၍ ရနိုင်ကြောင်း၊ လိုင်းဘုတ်များ မထွက်သဖြင့် စာမေးပွဲ မေးခွန်းများ ရောက်မလာကြောင်း၊ တစ်ခြား မဖြေဆိုရသည့် ကျောင်း ဘယ်နှစ်ကျောင်းရှိသည်ကို ၎င်းအနေဖြင့် မပြောနိုင်သည့် အတွက် ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းပါဟု ဆရာကြီး ဦးမျိုးဇော်လွင်က ပြောသည်။

အဆိုပါသတင်းနှင့်ပတ်သက်ပြီး မီးဝကျေးရွာအုပ်ချုပ်ရေးမှူး ဦးမောင်ကျော်ညွန့်ထံသို့ ဆက်သွယ်မေးမြန်းခဲ့ရာ ကလေးများ စာမေးပွဲမဖြေဆိုရခြင်းမှာ ဟုတ်မှန်ကြောင်း၊ စာမေးပွဲဖြေဆိုရန် ၎င်းတွင် မြေးမလေးတစ်ဦးလည်း ရှိနေကြောင်း ပြန်လည်ဖြေကြားသည်။

စာမေးပွဲဖြေဆိုမည့် မီးဝကျေးရွာမှ ၈ တန်းကျောင်းသူ မဝေဝေသန်း ဆိုသူက“သမီးက မီးဝက အစိုးရကျောင်းမှာတက်ပါတယ်။ စာမေးပွဲက ၂၄ ရက်နေ့ကနေစဖြေရမှာပါ။ ၂၄ ရက်နေ့က မဖြေလိုက်ရပါ။ ဘုတ်အထက်ကို တက်တာမရှိလို့ မေးခွန်းမရောက်လို့ မဖြေရလို့ပြောပါတယ်။ ဒီနေ့လည်း ဘုတ်အတက်မရှိရင် မနက်ဖြန်လည်း မဖြေရဘူးလို့ပြောပါတယ်” ဟု ပြောသည်။

တင်းမကျေးရွာမှ ကျောင်းသားမိဘတစ်ဦးဖြစ်သူ ဒေါ်အေးကျော့က“တင်မမှာလည်း ကျောင်းပိတ် ထားတာ ရက်ပေါင်း ၂၀ လောက်ရှိနေပြီ။ ကျောင်းပိတ်ထားတာက တိုက်ပွဲဖြစ်တဲ့နေ့ကနေ စပိတ်ထားတာပါ။ သားသမီးတွေပညာရေးအတွက် ရင်လေးရပါတယ်။ အခု ၇ တန်း ၈ တန်း ကျောင်းသားတွေလည်း စာမေးပွဲမဖြေရ။ အောက်က ကလေးတွေလည်း မဖြေရဆိုရင် ကိုယ့်သားသမီး အတွက် ကိုယ်စိတ်ပူပါတယ်။ တိုက်ပွဲတွေအခုလိုဖြစ်နေရင် သားသမီးတွေရဲ့ အနာဂတ်အတွက် မလွယ်ဘူး” ဟု ပြောသည်။

 ယင်းကိစ္စနှင့်ပတ်သက်ပြီး မည်သည့်အတွက်ကြောင့် မီးဝကျေးရွာနှင့် တင်းမကျေးရွာမှ ၄ တန်းနှင့် ၈ တန်းကျောင်းသား/သူများ စာမေးပွဲမဖြေဆိုရဆိုသည်ကို ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်း ထံသို့ နိရဥ္စရာသတင်းဌာနမှ ဆက်သွယ်မေးမြန်းခဲ့ရာ ၎င်းမှာ ခရီးလွန်နေသဖြင့် မြို့နယ်ပညာရေးမှူးကို မေးပါဟု ပြန်လည်ဖြေကြားသည်။

“ကျောက်တော်မြို့နယ်ရုံးကိုဘဲ ခဏမေးကြည့်ပါ။ ကျနော်က နေပြည်တော်ကို အစည်းအဝေးနဲ့ရောက်နေတယ်” ဟု ဦးတင်သိန်း ကပြောသည်။

ကျောက်တော်မြို့နယ်ပညာရေးမှူး၊ လက်ထောက်ပညာရေးမှူး များထံသို့ ဖုန်းဖြင့် ဆက်သွယ် မေးမြန်းခဲ့ရာ ဖုန်းလက်ခံသော်လည်း ၎င်းတို့က မည်သည့်အတွက်ကြောင့် စာမေးပွဲ မဖြေဆိုရ ဆိုသည်ကို တစ်စုံတစ်ရာပြန်လည် ဖြေဆိုခြင်းမရှိသဖြင် ကျောင်းသား/သူများ စာမေးပွဲမဖြေဆိုရ ခြင်းနှင့် ပတ်သက်ပြီး တင်ပြပေးနိုင်ခြင်းမရှိသေးပါ။

January 13, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့ပြင်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်၏ ရှေ့တန်းစစ်မျက်နှာ‌...
ဗုံးကြဲခံခဲ့ရသည့်မြောက်ဦးပြည်သူ့ဆေးရုံအတွက် ဂျပန်နိုင်ငံတွင် အလှူငွေကောက်ခံနေ
January 12, 2026
ရခိုင်ပြည်၊ မြောက်ဦးမြို့တွင် ဗုံးကြဲခံလိုက်ရသည့်ပြည်သူ့ဆေးရုံအားထောက်ပံ့နိုင်ရန်...
January 9, 2026
ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်တွင် ယနေ့ အာရက္ခတပ်တော်(AA)၏ ခြုံခိုတိုက်ခိုက်မှုကြောင့် အင်အား ၁၀၀...
တစ်ချိန်က စစ်တွေမြို့လမ်းမများပေါ်တွင် ရခိုင်လူထုကို စစ်ရေးအင်အားပြပြီး ခြိမ်းခြောက်ခဲ့သည့် မြင်ကွင်းတစ်ခု (ပုံဟောင်းသာ)
January 8, 2026
အာရက္ခတပ်တော်(AA)မှ စစ်တွေမြို့ပြင်ရှိ ကာကင်းစခန်းများ၊ စစ်ကြောင်းများကို စတင်ထိုးစစ်ဆင်...