ထွန်းခိုင် (တောင်ရင်းကျွန်း) — ၂၀၁၈ နိုဝင်ဘာလမှစ၍ ယနေ့ (ဖေဖော်ဝါရီ ၁၈) အချိန်ထိ ရခိုင်ပြည်နယ်အတွင်း မိုင်းပေါက်ကွဲ၍ သေဆုံးသူ ၂၅ ဦး၊ ဒဏ်ရာရသူ ၇၁ ဦးရှိကြောင်း ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC)၏ အတွင်းရေမှူး ကိုဇော်ဇော်ထွန်းမှ နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။
လက်ရှိအချိန်တွင် ရခိုင်ပြည်နယ်အတွင်း မြေမြှုပ်မိုင်းပေါက်ကွဲမှုကြောင့် သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများရှိသလို အန္တရာယ်ရှိမှန်းမသိ၍ မပေါက်ကွဲသေးသည့် မိုင်းများကို ထိတွေ့ ကိုင်တွယ်ရာမှ ပေါက်ကွဲ သေဆုံးသူများလည်း ရှိကြောင်း၊ စုစုပေါင်း ၂၅ဦးခန့် သေဆုံးပြီး ဒဏ်ရာ ရရှိသူ ၇၁ ဦးခန့်ရှိကြောင်း အတွင်းရေမှူး ကိုဇော်ဇော်ထွန်းက ပြောသည်။
"ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများပြင်းထန်လာပြီးနောက်ပိုင်း ဒေသခံတွေကလည်း ထွက်ပြေးနေရတဲ့ အချိန်မှာ သတင်းအချက်အလက်တွေ စုဆောင်းရတာ တော်တော်ကို ခက်ပါတယ်။ အဲဒီအတွက် ကျနော်အနေနဲ့ တိတိကျကျ ပြောရဖို့ ခက်နေတယ်။ အကြမ်းအားဖြင့်တော့ ၂၅ ယောက်လောက်သေဆုံးပြီ၊ ဒဏ်ရာရတာ ၇၁ ယောက်လောက်ရှိတယ် ˝ဟု ရခိုင်တိုင်းရင်းသားမျိုးနွယ်အစည်းအရုံး (REC)၏ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ပြေသည်။
မိုင်းပေါက်ကွဲမှုအဖြစ်များသော မြို့နယ်များမှာ ရသေ့တောင်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် ရသေ့တောင်မြို့နယ်တို့ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါမိုင်းအန္တရာယ်များ လျှော့ချနိုင်ရေးအတွက် ရခိုင်တိုင်းရင်းသားမျိုးနွယ်စုအစည်းအရုံး (REC)က တိုက်ပွဲဖြစ်ပွားသော မြို့နယ်များသို့သွား မိုင်းအန္တရာယ် လျှော့ချရေး အသိပညာ ပေးသင်တန်းများ ပြုလုပ်သွားမည်ဟုလည်း သိရှိရသည်။
ယနေ့( ဖေဖော်ဝါရီ ၁၈) တွင်လည်း ဘူးသီးတောင်မြို့နယ် ဆင်သေပြင်မူဆလင် ကျေးရွာတွင် မိုင်းနင်းမိပြီး ပေါက်ကွဲရာမှ လူတစ်ဦးသေဆုံးသွားခဲ့သည်။







