ဖားကန့်နှင့် ကာမိုင်း ဒေသခံများ ကျောက်စိမ်း လက်လုပ်လက်စား လျှောက်ခွင့်ရှိ

ဖားကန့်နှင့် ကာမိုင်း ဒေသခံများ ကျောက်စိမ်း လက်လုပ်လက်စား လျှောက်ခွင့်ရှိ

ကချင်ပြည်နယ် ဖားကန့်တွင် လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်ကို ကာမိုင်းနှင့် ဖားကန့် မှတ်ပုံတင် ကိုင်ဆောင်ထားသူများကိုသာ ချထားပေးမည်ဟု ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနထံမှ သိရသည်။

“လက်လုပ်လက်စား တူးဖော်လိုတဲ့သူတွေက အဓိက ကမန (ကားမိုင်း) မှတ်ပုံတင်၊ ဖားကန့် မှတ်ပုံတင် ကိုင်ဆောင်သူတွေပဲ လျှောက်ထားလို့ရမယ်။ နောက် ၁/ က.မ.န မှတ်ပုံတင်ကိုင်ဆောင်ထားပြီးတော့ ကုမ္ပဏီနဲ့ပတ်သက်တဲ့သူတွေ လျှောက်ထားခွင့်မရှိပါဘူး။ ကုမ္ပဏီနဲ့လည်း မပတ်သက်ဘူး၊ ၁/ က.မ.န မှတ်ပုံတင်ကိုင်ဆောင်ထားတဲ့ မည်သူမဆိုလျှောက်ထားနိုင်ပါတယ်” ဟု သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးဒရှီလဆိုင်းက ပြောသည်။

လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်လိုသူများအနေဖြင့် ဖေဖော်ဝါရီ ၁၇ ရက်နေ့မှစကာ မိမိတို့နှင့် နီးစပ်သည့် အုပ်ချုပ်ရေးရုံး၊ ကျောက်မျက်ရုံးများတွင် စတင် လျှောက်ထားနိုင်ကြောင်း ၎င်းကဆက်ပြောသည်။

လက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ခွင့်သည် အခြေခံလူတန်းစား ဒေသခံပြည်သူများ၏ လိုအပ်ချက်များအတွက် အဓိက ဦးစားပေးချထားပေးခြင်းဖြစ်သောကြောင့် လုပ်ကွက်နှင့် အနီးဆုံးတွင် နေထိုင်သည့်ဒေသခံပြည်သူများကို ဦးစားပေးချထားပေးမည်ဖြစ်ကြောင်း သိရသည်။

လက်ရှိလက်လုပ်လက်စား ကျောက်စိမ်းတူးဖော်ရန်အတွက် တာမခံ၊ နမ့်မဖြစ်၊ လွယ်ဂျောင်၊ စသည့်နေရာများတွင် အကွက်ပေါင်း ၃၇၆ ကွက် ရိုက်ထားပြီးကြောင်း သိရသည်။

“ခုကြားနေရတာတော့ လုပ်ကွက်ရိုက်တဲ့နေရာက ကျောက်မထွက်တဲ့နေရာတွေဖြစ်တယ်လို့ သိရတယ်။ ပြည်ထောင်စုအစိုးရတော့ မြေပုံအတိုင်းပဲ ချပေးတာဆိုတော့ တစ်ကယ်တမ်းလက်တွေ့ ဒီမြေပုံမှာရှိတဲ့ဟာအားလုံး ဒီမှာ ကိုယ့်ရပ်ကိုယ့်ဇာတိနဲ့၊ ဒေသခံအာဏာပိုင်နဲ့ပေါင်းပြီးတော့ လုပ်နေတာဆိုတော့ ပြည်ထောင်စုအစိုးရက အတိအကျမသိနိုင်ဘူး။ အဲကြောင့် ဒေသခံဌာနေတိုင်းရင်းသားတွေအတွက် တစ်ကယ်အကျိုးဖြစ်ထွန်းဖို့ဆိုရင် ဒေသခံအကြောင်းတွေ သိရှိနားလည်တဲ့ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး လုပ်ရင် ပိုအဆင်ပြေနိုင်တယ်” ဟု Grand land အရပ်ဘက်အဖွဲ့စည်းမှ ဦးယိန်းခေါ က ဆိုသည်။

ပြည်ထောင်စုမှ ရတနာနယ်မြေအဖြစ် စုစုပေါင်းဧက ၂သောင်းကျော်သတ်မှတ်ထားပြီး ဖားကန့်ပိုင်းနှင့် နမ့်ယားပိုင်းစသဖြင့် ၂ပိုင်းခွဲခြားထားသည်။

လက်လုပ်လက်စားတူးဖော်ခွင့်ပြုရာတွင် လုပ်ကွက်တစ်ကွက်၏ အကျယ်အဝန်းသည် တစ်ဧကဖြစ်ပြီး လုပ်ကွက်သက်တမ်းမှာ တစ်နှစ်ဖြစ်သည်။

Most read this week

December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...
December 15, 2025
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်ထဲက ရှမ်းနီပြည်သူ့စစ်ဂိတ် ၃ ခုမှာ အခွန်အဆမတန်ကောက်နေတဲ့အတွက်...
December 10, 2025
ရှမ်းမြောက်၊ မန်တုံမြို့နယ်မှာ TNLA နဲ့ တရုတ်လုပ်ငန်းရှင်တွေပေါင်းပြီး မြေရှားသတ္တုတူးဖို့...