ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းဖျက်ဆီးရေး စတင်

ဟူးကောင်းချိုင့်ဝှမ်းဒေသ ဘိန်းခင်းဖျက်ဆီးရေး စတင်

ကချင်ပြည်နယ် တနိုင်းမြို့နယ်တွင် ဒေသခံများနှင့် လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့( PJS ) တို့ပူးပေါင်းပြီး ဘိန်းစိုက်ခင်း ဖျက်ဆီးရေးလုပ်ငန်းများကို ယခုနှစ်ဆန်းပိုင်းမှ စတင် ပြုလုပ်နေပြီဖြစ်ကြောင်း သိရသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ ဝါရာဇွပ်ကျေးရွာ အရှေ့ အနောက်ဘက်ခြမ်းရှိ မနချောင်း ၊ မိုးကောင်းချောင်း ၊ နန်းဖြတ်ချောင်းများနှင့် ရှထူးဇွပ်ကျေးရွာ မြောက်ဘက်ပိုင်းဒေသများရှိ ဘိန်းခင်း (၂၃) ဧကခန့်ကို ခုတ်ထွင် ရှင်းလင်းပြီးဖြစ်ကြောင်း ဝါရာဇွပ်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးနော်ဒီး ကချင်သတင်းဌာန KNG ကို ပြောသည်။

“ကျနော်တို့က ဘိန်းခင်းရှိတဲ့နေရာတွေကို လိုက်ရှာပြီး လိုက်ခုတ်ရှင်းတာဖြစ်တယ်။ ဒေသခံတွေ နဲ့ တချို့ဘိန်းစွဲနေတဲ့သူတွေ စိုက်ကြတယ်။ တခြား ဘိန်းပင်မဟုတ်ဘဲ အစားထိုးသီးနှံတွေ စိုက်စားစရာတွေ အများကြီး ရှိပါတယ်။ အခုလို ခုတ်ပေးလိုက်တဲ့အတွက် သူတို့ဝမ်းရေး အခက်အခဲရှိသွားတယ်လို့လည်း မဟုတ်ပါဘူး။ ဘိန်းစိုက်တာကို ပြည်သူတွေလည်း မကြိုက်ဘူး ၊ ဘုရားလည်းမကြိုက်ဘူး ၊ အစိုးရ လည်းမကြိုက်ဘူး။ ဒီဘိန်းကိုတော့ ဝမ်းရေး အနေနဲ့ ဘယ်သူကမှ မလုပ်ပေးဖို့ပြောချင်တယ်” ဟု ပြောသည်။

ဟူးကောင်းချိုင့်ဝှမ်းဒေသ၌ နှစ်စဉ် ဘိန်းခင်းရာသီဖြစ်သော ယခုအချိန်တွင် ကချင်လူထု မူးယစ်တိုက်ဖျက်ရေးအဖွဲ့များ ဘိန်းခင်းဖျက်ဆီးမှုအစီအစဉ် ပြုလုပ်ခဲ့ကြသည်။ ယခုနှစ်အတွက် လူအင်အား ၁၀၀ ကျော်ဖြင့် ဘိန်းခင်းဖျက်ဆီးရေး ဆက်လက်လုပ်ဆောင်နေကြောင်း သိရသည်။

“ကျနော်တို့ ပေါ်လဆီမှာက ဘိန်းခင်းနှိမ်နင်းတာတို့မလုပ်ဘဲ အမြင်ဖွင့်တဲ့ဘက်ကိုပဲ အဓိကထားဆောင်ရွက်တာ ဖြစ်တယ်။ ဘိန်းခင်းဖျက်တာတို့ ၊ ဖမ်းဆီးအရေးယူတာတွေကို ကျနော်တို့ အတင်းအကျပ်တော့ မလုပ်ဘူး။ အမြင်ဖွင့်ပေးတာကိုတော့ အဓိကထား လုပ်ဆောင်တယ်။ အခု ဝါရာဇွပ်မှာ ဘိန်းခင်းဖျက်ဆီးကြတာက သူတို့ဒေသခံတွေ စုပေါင်းသဘောတူပြီး လုပ်ဆောင်ကြတယ်လို့ မြင်ပါတယ်” ဟု တနိုင်း လူထုမူးယစ်တိုက်ဖျက်ရေးအဖွဲ့ Pat Jasan မှ ဆရာနော်တောင်က ဆိုသည်။

ကချင်ပြည်နယ်တွင် ဘိန်းခင်းအများဆုံး စိုက်ပျိုးနေသောနေရာများမှာ တပ်မတော်ကျောထောက်နောက်ခံ ပြည်သူ့စစ်နှင့် နယ်ခြားစောင့်တပ်နယ်မြေများဖြစ်သော Kambaiti (ကန်ပိုင်တီ) ၊ Sadung (ဆဒုံး) ဟူးကောင်းချိုင့်ဝှမ်းဒေသတို့တွင်ဖြစ်ကြောင်း ၂၀၁၉ ဇွန်လ၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO မူးယစ်ဆေးဝါးအစီရင်ခံစာတွင် ဖော်ပြထားသည်။ ကချင်နှင့် ရှမ်းမြောက်ဒေသတွင် ၂၀၁၈-၂၀၁၈ ဘိန်းခင်းရာသီတွင် စိုက်ပျိုးမြေ စုစုပေါင်း ဟက်တာ (၆၉၁၈) တွေ့ရကြောင်း ထပ်မံ ဖော်ပြထားခဲ့သည်။

ထို့အပြင် အစိုးရတပ်မတော် တိုက်ခိုက်သိမ်းပိုက်ကာ နယ်မြေစိုးမိုးထားသော Sumprabum (ဆွမ်ပရာဘွမ်) ၊ Putao (ပူတာအို) စသည့်ဒေသများတွင်လည်း ဘိန်းခင်းစိုက်ပျိုးမှု တိုးလာကြောင်း ဖော်ပြခဲ့သည်။

ကချင်ပြည်နယ်တွင် မူးယစ်ဆေးစွဲနေသူ အများစုမှာ ကချင်တိုင်းရင်းသားများ ဖြစ်ကြပြီး ရှမ်းနှင့် ဗမာတိုင်းရင်းသားများလည်း ရှိနေကြောင်း သိရသည်။

January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...
December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...