ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် တရုတ်နယ်စပ် ကန်ပိုင်တီဂိတ်ဝတွင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေး ရောဂါစစ်ဆေးမှု မြန်ဆန်စေရန် Thermal Scanners (အပူတိုင်းကိရိယာ) ထားရှိထားပြီဖြစ်ကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေးဌာနထံမှသိရသည်။
တရုတ်နိုင်ငံ ဝူဟန်မြို့မှစတင်ခဲ့သော အဆိုပါရောဂါကြောင့် ၄ ရက်အတွင်း တရုတ်နိုင်ငံမှ မြန်မာပြည်သို့ နေရပ်ပြန်လာသည့် မြန်မာလုပ်သားပေါင်း နှစ်ထောင်ကျော်ရှိလာသဖြင့် စစ်ဆေးရေးတွင် လစ်ဟာမှု မရှိအောင် Thermal Scanners (အပူတိုင်းကိရိယာ) စက်ဖြင့် စစ်ဆေးရန် လိုအပ်နေကြောင်း ဝိုင်းမော်မြို့နယ် ကျန်းမာရေးမှူး ဒေါက်တာသိန်းမြို့က ယခုလို ပြောသည်။
“အခုက တစ်ရက်နဲ့ တစ်ရက် တရုတ်ပြည်က ပြန်လာတာ ရာနဲ့ချီတယ်။ အဲဒီတော့ အခုစစ်ဆေးတဲ့ အပိုင်းမှာ ၂ ပိုင်းနဲ့ စစ်ဆေးတယ်။ အခုအသုံးပြုနေတဲ့ Infrared Thermometer နဲ့ပဲ စစ်နေတယ်။ အဲဒါနဲ့ပဲဆိုတော့ အချိန်လည်း ယူရသလို လူအင်အားတွေ လိုအပ်တာပေါ့။ အခက်အခဲ နည်းနည်း ရှိတာပေါ့။ ကျနော်တို့ တပ်ဆင်ဖို့ ပြည်ထောင်စု ကျန်းမာရေးဝန်ကြီးဌာန စီစဉ်ပေးလိုက်တာပါ”ဟု သူက ပြောသည်။
လက်ရှိအချိန်ထိ ကချင်ပြည်နယ် ကန်ပိုင်တီနယ်စပ်မှ ဝင်ရောက်လာသူများတွင် ရောဂါကူးစက်မှု မတွေ့ရှိရသေးသော်လည်း ဇန်နဝါရီ ၂၇ရက်နေ့တွင် အပူချိန် ကျော်လွန်နေသည့် တရုတ်နိုင်ငံသား သုံးဦးကို တွေ့ရှိသဖြင့် ပြန်လှည့်ခိုင်းခဲ့ကြောင်း ဆက်လက်ပြောဆိုသည်။
နယ်စပ်ဂိတ် ပိတ်ရန် ညွှန်ကြားချက် မရှိသဖြင့် ကချင်ပြည်နယ်အတွင်း လွယ်ဂျယ်နှင့် ကန်ပိုင်တီ နယ်စပ်ဂိတ် နှစ်ခုတွင် ပြည်တွင်း ဝင်ရောက်လာသူများကို အပူချိန်တိုင်းတာမှုများ ပုံမှန်ပြုလုပ်နေကြောင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။
ရောဂါလက္ခဏာ ရှိသည့် မြန်မာနိုင်ငံသား တစ်ဦးတစ်ယောက် တွေ့ရှိပါက ပြည်နယ်အစိုးရအနေဖြင့် ကျန်းမာရေးနှင့်ပတ်သက်ပြီး အဆင့်ဆင့် လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း ကန်ပိုင်တီ အုပ်ချုပ်ရေးမှူး ဦးမင်းမင်းလတ်က ယခုလို ပြောဆိုသည်။
“ကျနော်တို့အနေနဲ့ မြင်တွေ့နေရတာက တစ်ဖက်နိုင်ငံက ဝင်လာတဲ့ သူတွေဆိုရင်လည်း မြန်မာနိုင်ငံသားတွေ ပိုများတာပေါ့နော်။ အဲဒါကြောင့် ဂိတ်ပေါက်ဝမှာ ကျန်းမာရေး ဆေးစစ်ဆေးမှုတွေ သေချာ လုပ်ပေးတယ်။ ဆရာတွေအနေနဲ့လည်း အသိပညာပေးတာတွေ ပြုလုပ်ပေးတယ်။ နောက် တရုတ်နိုင်ငံသားတွေကိုလည်း သံသယရှိဖွယ် တွေ့ရှိရင် မဝင်ခိုင်းဘူး။ သူတို့ နိုင်ငံကို ပြန်လွှတ်လိုက်တယ်။ ပြီးရင် အရေးပေါ်ယာဉ်တွေလည်း ထားထားတယ်။ ကန်ပိုင်တီမှာလည်း ရောဂါကူးစက်ခံရတဲ့ သူကိုတွေ့ရင် ထားဖို့ သီးသန့်ဆောင်တွေ လုပ်ထားပါတယ်။ နောက် အဲဒီလူနာရဲ့ နမူနာယူပြီး ကျန်တဲ့ သူတွေ ပြန်မကူးစက်အောင် လုပ်ဆောင်သွားမယ်” ဟု သူက ပြောဆိုသည်။
ကချင်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် သံသယလူနာ မတွေ့ရှိသေးကြောင်း ပြည်နယ် ကျန်းမာရေးဌာန ထုတ်ပြန်ချက်များတွင် လေ့လာတွေ့ရှိရသည်။







