ICJ ဆုံးဖြတ်ချက်ချရာတွင် တိုင်းရင်းသားအရေးပါ ထည့်သွင်းသင့်

ICJ ဆုံးဖြတ်ချက်ချရာတွင် တိုင်းရင်းသားအရေးပါ ထည့်သွင်းသင့်
The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့
The Hague အပြည်ပြည်ဆိုင်ရာ တရားရုံးရှေ့

မြန်မာပြည်ရှိ နိုင်ငံရေးပြဿနာ လူ့အခွင့်အရေးချိုးဖောက်မှု နှင့် စစ်ရာဇဝတ်ကျူးလွန်မှုများ ဖြေရှင်းနိုင်ရန် ရိုဟင်ဂျာပြဿနာ တစ်ခုတည်းမဟုတ်ဘဲ တိုင်းရင်းသားဒေသမှအရေးများ ထည့်သွင်းဆွေးနွေးရန်လိုအပ်ကြောင်း နိုင်ငံတကာကို ပြောဆိုနေသည်ဟု ကချင်အမျိုးသမီးအဖွဲ့ကပြောသည်။

လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဂမ်ဘီယာနိုင်ငံက မြန်မာပြည်ကိုတရားစွဲဆိုထားသည့်အမှုတွင် ကြားဖြတ်စီမံချက် (၄) ချက်ကို ဇန်နဝါရီ (၂၃) ရက်နေ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှ ချမှတ်ခဲ့သည်။

သို့သော်လည်း မြန်မာပြည်တွင်း လူ့အခွင့်အရေးချိုးဖောက်မှုများဖြေရှင်းရာတွင် တိုင်းရင်းသားအရေးကိစ္စများကို ထည့်သွင်းရမည်ဟု ကချင်အမျိုးသမီးအစည်းအရုံး ထိုင်းနိုင်ငံ KWAT အဖွဲ့တာဝန်ရှိသူ Htoi San (ဒေါ်ဆန်ထွယ်)ပြောသည်။

“ရိုဟင်ဂျာအရေးတစ်ခုနဲ့ မြန်မာပြည်မှာအခု ရှုပ်နေတဲ့ နိုင်ငံရေး၊ စစ်တပ်အခန်းကဏ္ဍတွေက ချုပ်ငြိမ်းဖို့မရှိဘူး။ ဒါကြောင့် တိုင်းရင်းသားအရေးကို အမြဲထည့်ပြောနေရတယ်။ ရိုဟင်ဂျာအရေးတစ်ခုတည်းဆို မြန်မာလူထုလည်း မထောက်ခံဘူး။ တိုင်းရင်းသားအရေးပါရင်တော့ ထောက်ခံမှာဖြစ်လို့ လုပ်ရမယ်လို့ ထင်တယ်။ အခုလည်း ရိုဟင်ဂျာတစ်ခုတည်းနဲ့ လုံလောက်မှုရှိမယ်လို့ မမျှော်လင့်ဘူး” ဟု ပြောသည်။

ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု မဖြစ်စေရေး မြန်မာအစိုးရမှ လုပ်ဆောင်ရန်နှင့် တပ်မတော်၊ ပြည်သူ့စစ်နှင့် လက်နက်ကိုင်အဖွဲ့များလည်း ထိုသို့မဖြစ်ရန် ဆောင်ရွက်ရမည့်အကြောင်းအပါအဝင် အချက် (၄)ချက်ကို ICJ မှ ကြားဖြတ်အစီစဉ်အဖြစ် ချမှတ်ခဲ့သည်။

ထိုဆုံးဖြတ်ချက်ကို ကြိုဆိုလက်ခံကြောင်း ပြည်ပအခြေစိုက် ကချင်အမျိုးသားအစည်းအရုံး Kachin National Organization (KNO) ဇန်နဝါရီ (၂၇)ရက်နေ့ ထုတ်ပြန်ထားသည်။

“ရိုဟင်ဂျာများအတွက်သာမက ဆယ်စုနှစ်ပေါင်းများစွာ မြန်မာ့တပ်မတော်ရဲ့ ဖိနှိပ်မှုကိုခံစားခဲ့ရသောသူများအတွက် တရားမျှတမှုရရှိသော နေ့တစ်နေ့ဖြစ်တယ်” ဟု KNO နိုင်ငံခြားဆက်ဆံရေးတာဝန်ခံ Hkanhpa Tu က ပြောသည်။

ICJ ၏ ဆုံးဖြတ်ချက်တွင် လိုက်နာရန် အချက် (၄)ချက်ကိုသာ အမိန့်ချထားပြီး၊ လိုက်နာမှုမရှိပါက မည်သို့ဖြစ်မည်ဟု ဆုံးဖြတ်ထားခြင်းမရှိသဖြင့် ထိရောက်မှုနည်းမည်ဟု ယူဆကြောင်း KWAT မှ ဒေါ် San Htoi ထပ်ပြောသည်။

အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ၏ဆုံးဖြတ်ချက်သည် နိုင်ငံတကာအမြင်ဖြစ်သောကြောင့် ပိတ်ဆို့အရေးယူမှုများ မခံရအောင် မြန်မာအစိုးရအနေဖြင့် အကောင်းဆုံး တုန့်ပြန်သင့်ကြောင်း ကချင်ပြည်နယ်ပြည်သူ့ပါတီ (KSPP) ဒုဥက္ကဋ္ဌ Duwa Gumgrawng Awng Hkam (ဒူဝါ ကွမ်ဂေါင် အောင်ခမ်း) ယခုလိုပြောသည်။

“ဒီအကြောင်းအရာ ၄ ချက်က မျှတတယ်၊ မမျှတဘူး ဆိုတာထက် ဂမ်ဘီယာဘက်က ဒီအမြင်ရှိပြီဆိုတော့ ICJ ဘက်ကလည်း ချမှတ်လိုက်တယ်။ ဒါကဖြစ်လာပြီဖြစ်တဲ့အတွက် မြန်မာဘက်ကလည်း အကောင်းဆုံး ပြန်တုန့်ပြန်ရတော့မှာပဲလေ။ မဟုတ်ရင် တဖြည်းဖြည်းနဲ့ ပိတ်ဆို့မှုတွေလည်း များလာမှာပဲ” ဟုပြောသည်။

မြန်မာအစိုးရတပ်မတော်သည် ရခိုင်မြောက်ပိုင်းရှိ ရိုဟင်ဂျာများကို လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေသည်ဟုဆိုကာ ဂမ်ဘီယာနိုင်ငံမှ ၂၀၁၉ နိုဝင်ဘာလတွင် အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ တွင်တရားစွဲဆိုခဲ့ပြီး ဒီဇင်ဘာလတွင် ကြားဖြတ်အစီအစဉ်ကို တောင်းဆိုခဲ့သည်။

သို့သော်လည်း လူမျိုးတုံးသတ်ဖြတ်မှု မြန်မာပြည်တွင် မရှိသဖြင့် ဂမ်ဘီယာ၏ ကြားဖြတ်စီမံချက်ကို လက်မခံရန် မြန်မာအစိုးရ၏ တောင်းဆိုချက်ကို ICJ တရားသူကြီးက ငြင်းပယ်ခဲ့သည်။

January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...
December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...