မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့အနီး ပင်လယ်ပြင်တွင် လူပေါင်း ၂၁၉ ဦးနှင့် ငါးဖမ်းလှေ တစ်စီးဖမ်းမိ

မောင်တောမြို့နယ်တောင်ပိုင်း သင်္ဘောကွေ့အနီး ပင်လယ်ပြင်တွင် လူပေါင်း ၂၁၉ ဦးနှင့် ငါးဖမ်းလှေ တစ်စီးဖမ်းမိ
by -
နိရဥ္စရာ
မြန်မာနိုင်ငံ အနောက်ဘက် နယ်စပ် မောင်တောမြို့နယ် တောင်ပိုင်း သင်္ဘောကွေ့ ကျေးရွာအနီး ပင်လယ်ပြင်တွင် စက်လှေ တစ်စီးနှင့် လူပေါင်း ၂၁၉ ယောက်ကို မြန်မာရေတပ်က ဖမ်းဆီးမိခဲ့သည်ဟု သတင်း ရရှိသည်။

ယင်းအထဲတွင် လူပေါင်း ၂၀၈ ဦးမှာ ဘင်္ဂလာဒေရှ့်နိုင်ငံသားများ ဖြစ်ကြောင်း၊ လှေသမား ၉ ဦးနှင့် ဘင်္ဂလီ စကားပြန် ၂ ဦးနှင့် ဆိုလျှင် စုစုပေါင်း ၂၁၉ ဦး ဖြစ်ကြောင်း မြန်မာအစိုးရ ပြန်ကြားရေးဌာန သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြသည်။

ယင်းစက်လှေသည် ၂၀၁၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့မှ စ၍ ဘင်္ဂလာနိုင်ငံ အပိုင် စိန်မာတင်ခေါ် အုန်းကျွန်း အနောက်ဘက် ၄ မိုင်အကွာတွင် ရပ်နားပြီး လူများကို လှေငယ်များဖြင့် အဖွဲ့လိုက် တင်ဆောင်ပြီး မလေးရှားသို့ ထွက်ခွာခဲ့ကြောင်း၊ ပင်လယ်ပြင်တွင် အစစ်အဆေးများ ရှိနေသဖြင့် မေလ ၁၅ ရက်နေ့တွင် နောက်ကြောင်းပြန်လှည့်လာပြီးနောက် မြန်မာရေပိုင်နက်သို့ ၀င်ရောက်လာရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းစက်လှေအား မြန်မာရေတပ်မတော် စစ်ရေယာဉ် အမှတ် (၅၆၈) မှ မေလ ၂၁ ရက်နေ့ ညနေ ၃ နာရီခွဲ အချိန်တွင် ဖမ်းမိခဲ့သည်ဟု ဆိုသည်။

သူတို့အား စီးနှင်းလာသော စက်လှေနှင့်အတူ  မြန်မာ့စစ်ရေယာဉ်မှ ရသေ့တောင်မြို့နယ် တောင်ပိုင်း အငူမော်သို့  ဆွဲခေါ်ယူလာပြီး မေလ ၂၂ ရက်နေ့က ရေတပ်တာဝန်ရှိသူများမှ အရပ်ဘက်ဝန်ထမ်းများသို့ လွှဲပြောင်းပေးအပ်ခဲ့သည်ဟု သတင်းတွင် ဆက်လက်ဖော်ပြသည်။

ယခု စက်လှေပိုင်ရှင်မှာ ထိုင်းနိုင်ငံ ရနောင်းမြို့မှ ဖြစ်ပြီး ဧပြီလ ၈ ရက်နေ့ကတည်းက ထိုင်းပင်လယ်ပြင်မှ ထွက်ခွာလာပြီး ဧပြီလ ၁၃ ရက်နေ့တွင် ဘင်္ဂလာဒေရှ့် ရေပြင်ပိုင်နက်သို့ ရောက်ရှိခဲ့သည်ဟု သိရသည်။

အလားတူ စက်လှေ တစ်စီးအားလည်း လှေသမား ၈ ဦး၊ ဘင်္ဂလီ တစ်ဦးနှင့်အတူ ဖမ်းဆီးရမိခဲ့သည်ဟု သိရသည်။

ဖမ်းဆီးရမိသူများထဲတွင် အသက် ၁၄ နှစ်အရွယ် လူငယ် ၁၀ ဦးခန့် ပါ၀င်ပြီး ကျန်လူများမှာ အသက် ၃၀ နှင့် ၄၀ အကြား ဖြစ်ကြောင်း သိရသည်။

သူတို့အား အငူမော်မှ မောင်တောတောင်ပိုင်း အလယ်သံကျော်သို့ ကားများဖြင့် ခေါ်ယူလာပြီး အလယ်သံကျော် အာရဗီကျောင်းတွင် ယာယီ ဒုက္ခသည် စခန်းဖွင့်လှစ်ကာ ထားရှိကြောင်း၊ UNHCR မှ အကူအညီများ ထောက်ပံ့ထားကြောင်း သိရသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...