တရုတ်နိုင်ငံ ဝူဟန်မြို့မှ စတင်ဖြစ်ပွားခဲ့သော ကိုရိုနာဗိုင်းရပ်စ် (Corona virus) ကာကွယ်ရန် ကချင်ပြည်နယ် ကန်ပိုင်တီ နှင့် လွယ်ဂျယ် နယ်စပ်ဂိတ်တို့တွင် ရောဂါစစ်ဆေးရေးလုပ်ငန်း ဆောင်ရွက်နေပြီး နယ်စပ်ဂိတ် ပိတ်ရန်လည်း ပြည်ထောင်စုသို့ စာတင်ထားကြောင်း သက်ဆိုင်ရာဌာနများထံမှ သိရသည်။
ဇန်နဝါရီ ၂၇ ရက်နေ့ကစတင်ကာ တရုတ်-မြန်မာ ချစ်ကြည်ရေး ဥမင်လိုဏ်ခေါင်းထွက်ပေါက်ဝတွင် ဖြတ်သန်းသွားလာသူများကို လူဝင်မှုကြီးကြပ်ရေး ဦးစီးဌာန မဖြတ်သန်းမီ ကြိုတင်စစ်ဆေးနေကြောင်း ပြည်နယ်ကျန်းမာရေးဌာနက သတင်းထုတ်ပြန်ထားသည်။
ထို့အပြင် နယ်စပ်ဂိတ်များကို ပိတ်ရန် ပြည်ထောင်စုသို့ စာတင်ထားကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းမြစ်ဝန်ကြီးဌာန ဝန်ကြီး ဦးဇော်ဝင်းက ပြောသည်။
“ပြည်ထောင်စုအဆင့်က လုပ်ထားတဲ့ ဂိတ်တွေဖြစ်တဲ့အတွက် ကျွန်တော်တို့ ကချင်ပြည်နယ်အစိုးရကနေတဆင့် ပြည်ထောင်စုကို တင်ထားတာရှိတယ်။ ဒါပေမယ့် ပြည်ထောင်စုကတော့ အခုချိန်ထိ ပိတ်ပါ၊ မပိတ်ပါနဲ့ဆိုတဲ့ အမိန့်တစ်စုံတစ်ရာ မရှိသေးပါ” ဟု ပြောသည်။
ထို့အပြင် ပြည်နယ်အတွင်း ဗန်းမော်၊ မြစ်ကြီးနား၊ ပူတာအို လေဆိပ်မှ ဝင်ရောက်လာသော နိုင်ငံခြားသားများကိုလည်း ၎င်းတို့ ဟိုတယ် စာရင်းကောက်ယူကာ စောင့်ကြည့်နေကြောင်း ဆိုသည်။
ရောဂါလက္ခဏာ မပေါ်သေးသော်လည်း ကူးစက်ခံရနိုင်ကြောင်း တရုတ်နိုင်ငံသတင်းများအရ သိရှိရသဖြင့် မြန်မာအစိုးရအနေဖြင့်လည်း နယ်စပ်ဂိတ်များကို စနစ်တကျ စိစစ်သင့်ကြောင်း ဝိုင်းမော်ဒေသခံ ဦးဂဲနက်စ် ပြောသည်။
“ကျွန်တော်တို့မှာ နည်းပညာလိုအပ်မှု အရမ်း ချို့တဲ့တယ်။ တရုတ်လို နိုင်ငံက သူ့နိုင်ငံမှာ ဖြစ်ပွားခဲ့တာကို တော်ရုံတန်ရုံ ကမ္ဘာသိ မလုပ်ဘူးဗျာ။ အခုလိုမျိုး ကိစ္စရပ်မှာ သူတို့ တရားဝင်ဆေးရုံဆောက်၊ မြို့ပြင် မထွက်ဖို့ လုပ်လာတယ်။ နောက်တစ်ခုက တရုတ်နိုင်ငံသားတွေ ဒီမှာ လာနေတဲ့သူတွေ၊ အလုပ်လုပ်ကိုင်ခွင့်နဲ့ လာရောက်နေထိုင်တဲ့သူတွေကို အုပ်စုခွဲပြီး စိစစ်သင့်တယ်။ ကိုယ့်နိုင်ငံထဲ ဝင်လာတယ်ဆိုပေမယ့် ကချင်ပြည်နယ် ဝိုင်းမော်လမ်းကြောင်းကဆိုတော့ အရေးပေါ်စခန်းတစ်ခု ဆောက်ပြီး စိစစ်တဲ့ကိစ္စကိုတော့ ပြင်းပြင်းထန်ထန် ဆောင်ရွက်သင့်တယ်” ဟု ပြောသည်။
တရုတ် - မြန်မာသဘောတူစာချုပ်အရ ကချင်ပြည်နယ်တွင် တရားဝင်နယ်စပ်ဂိတ် နှစ်ခုသာရှိသော်လည်း တရားမဝင် လမ်းကြောင်း ၂၀ ကျော်ခန့် ရှိနေသေးကြောင်း လဝက ဝန်ကြီးထံမှ သိရသည်။
မြန်မာနယ်စပ်မြို့များတွင် သံသယလူနာတွေ့ရှိ
ကန်ပိုင်တီ ကချင်-တရုတ်နယ်စပ် ယူနန်ပြည်နယ် ထိန်ချုံးမြို့တွင် ကိုရိုနာဗိုင်းရပ်စ် (Coronavirus) သံသယလူနာ ၂ဦးတွေ့ရှိသည်ဟု သတင်းရရှိကြောင်း လဝက ဝန်ကြီး ဦးဇော်ဝင်း ထပ်မံပြောဆိုသည်။
ထိန်ချုံးတွင် တရုတ်နိုင်ငံသား အမျိုးသား ၃၁ နှစ် ၊ အမျိုးသမီး ၄၈ တို့ကို ကိုရိုနာဗိုင်းရပ်စ် သံသယဖြင့် သီးခြား စောင့်ကြည့်နေပြီး ရွှေလီမြို့တွင်လည်း ရောဂါကူးစက်လူနာ တွေ့ရှိထားကြောင်း ဒေသတွင်း သတင်းများတွင် ဖော်ပြထားသည်။
ထို့ကြောင့် ရွှေလီမြို့ပေါ်တွင် လူစုလူဝေးပွဲလမ်းသဘင်အခမ်းအနားများ၊ ပန်းခြံ ဟိုတယ် နှင့် လောင်းကစားဝိုင်းများကို ယာယီပိတ်ထားရန် ကြေငြာထားသည်။
တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံများတွင် ရောဂါကူးစက်သူ များလာသော်လည်း မြန်မာတွင် မတွေ့ရသေး
ထိုင်း၊ ကိုးရီးယား၊ စင်ကာပူ ၊ ဂျပန် အပါအဝင် နိုင်ငံအများအပြားတွင် ရောဂါတွေ့ရှိသူဦးရေ များလာသော်လည်း မြန်မာပြည်တွင် မတွေ့ရသေးကြောင်း သက်ဆိုင်ရာ ကျန်းမာရေးဌာနထံမှ သိရသည်။
ဇန်နဝါရီ ၂၇ ရက်တွင် ရရှိခဲ့သော နောက်ဆုံးသတင်းအရ ကူးစက်သူ နှစ်ထောင်ကျော်ရှိလာပြီး သေဆုံးသူ ဦးရေလည်း ၈၀ ခန့် ရှိလာနေပြီဖြစ်ကြောင်း တရုတ်ပြည်တွင်း မီဒီယာများထံမှ သိရသည်။







