ဆွေးနွေးပွဲကို ညနေ ၄ နာရီမှ ၆ နာရီခွဲခန့်ထိ တံခါးပိတ် ပြုလုပ်ခဲ့ပြီး သတင်းထောက်များကို ၀င်ခွင့်မပြုခဲ့ပေ။
ဆွေးနွေးပွဲအပြီးတွင် NHK သတင်းဌာန၊ ရိုက်တာ သတင်းဌာနနှင့် နိရဥ္စရာသတင်းဌာနတို့က မစ္စတာနမ်ဘီးယား ကို မေးမြန်းရန်ကြိုးစားခဲ့သော်လည်း နောက်မှဖြေဆိုမည်ဟုပြောပြီး လုံးဝ မဖြေဆိုခဲ့ပေ။
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ၀န်ကြီးချုပ်ဦးမောင်မောင်အုန်းကသာ အဆိုပါ သတင်းဌာနတို့ကို တွေ့ဆုံပြီး ယခုလို ပြောကြားခဲ့သည်။
“မနေ့ညနေ ၃ နာရီခွဲခန့်က မြန်မာ့ရေတပ်က ကယ်ဆယ်ထားခဲ့တဲ့ လှေစီးဒုက္ခသည် ၂၀၈ ဦးအကြောင်း လာရောက်ဆွေးနွေးတာပါ။ မနေ့က မြန်မာ့ရေပိုင်နက်ထဲမှာ လှေနှစ်စီးဖမ်းမိပါတယ်။ တစ်စီးမှာ လူ ၂၀၈ ဦး၊ လှေသား ၁၇ ဦး၊ ဘာသာပြန် ၂ ဦး စုစုပေါင်း ၂၂၇ ဦးပါရှိပါတယ်။ နောက်တစ်စီးက လူမပါပါဘူး”ဟု ၀န်ကြီးချုပ်က NHK သတင်းဌာနကို ဖြေကြားခဲ့သည်။
၂၀၈ ဦးထဲတွင် အစပိုင်း စစ်ဆေးချက်အရ အားလုံးဘင်္ဂလားဒေ့ချ်နိုင်ငံမှဟု သိရသော်လည်း နောက်ဆုံးစစ်ဆေးချက်အရ ဘင်္ဂလားဒေ့ချ်နိုင်ငံသား ၂၀၀ ဦး၊ ရခိုင်ပြည်နယ် စစ်တွေနှင့် ကျောက်တော်မှ ၈ ဦး၊ ဘာသာပြန်နှစ်ဦးမှာလည်း မြန်မာနိုင်ငံမှ ဖြစ်ပြီး၊ ကျန်လှေသား ၁၇ ဦးမှာ ထားဝယ်ဘက်မှ ဖြစ်ကြောင်း သိရသည်။
မကြာသေးမီက ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားတို့မှ လှေစီးဒုက္ခသည်များကို လက်မခံဟူသော သတင်းထွက်ပေါ်လာပြီး အဆိုပါစက်လှေသည် ဘင်္ဂလားဒေ့ချ်ဘက်သို့ ပြန်လှည့်လာရာ မြန်မာရေပိုင်နက်ထဲတွင် ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
လှေစီးဒုက္ခသည်တို့သည် ပင်လယ်ပြင်ထဲတွင် ရက်ပေါင်း ၄၀ ခန့် ကြာမြင့်ခဲ့ပြီဖြစ်သဖြင့် လှေသား ၁၇ ယောက်အပါအဝင် အားလုံးကို ကျန်းမာရေး စောင့်ရှောက်မှု ပေးထားရသည်ဟု သိရသည်။
ယခုအခါ ရခိုင်ပြည်နယ် မောင်တောမြို့နယ် အလယ်သံကျော်တွင် ယာယီ ထိန်းသိမ်းရေးစခန်း ဖွင့်လှစ်ထားရှိပြီး၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့နှင့် နမ်ဘီးယားတို့အဖွဲ့ သွားရောက် စိစစ်မည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က ပြောသည်။
ယခုဆွေးနွေးပွဲရလဒ်သည် အောင်မြင်ပြီး၊ မြန်မာနိုင်ငံဂုဏ်သိက္ခာနှင့် ရခိုင်ပြည်နယ်ဂုဏ်သိက္ခာကို ကမ္ဘာသို့ပြန်လည် ပြသနိုင်ခဲ့ခြင်းဖြစ်သည်ဟု မစ္စတာနမ်ဘီးယားက ရခိုင်ပြည်နယ်အစိုးရကို ချီးကျူးပြောဆိုခဲ့သည်ဟု ရခိုင်ပြည်နယ် ၀န်ကြီးချုပ်က နိရဥ္စရာ သတင်းဌာနသို့ ပြောကြားခဲ့သည်။







