ကျောက်ဖြူကျောက်မီးသွေးစက်ရုံ ဒေသခံများ ကန့်ကွက်

ကျောက်ဖြူကျောက်မီးသွေးစက်ရုံ ဒေသခံများ ကန့်ကွက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ အလယ်ဒွိန်ကျေးရွာအုပ်စု နယ်မြေတွင် တည်ဆောက်မည့် သန့်စင်ကျောက်မီးသွေး လျှပ်စစ် ထုတ်လုပ်ရေး စက်ရုံ စီမံကိန်းအား ဒေသခံပြည်သူများ ကန့်ကွက်ကြောင်းကို မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော လူထု စည်းဝေးပွဲက ဆုံးဖြတ်ခဲ့သည်ဟု သိရသည်။

“အရင်တုန်းက ကျောက်မီးသွေးအကြောင်း ကောင်းကောင်းမသိခဲ့ဘူး။ အခုသိလာရတာက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေးစက်ရုံဆိုတာ ကောင်းကျိုးထက် ဆိုးကျိုးများတယ်လို့သိရတယ်။ ဒါကြောင့် ဒီစီမံကိန်းကို လုံးဝကန့်ကွက်တယ်”  ဟု အလယ်ဒွိန်အုပ်စု၊ ကျောက်ဆည်ရွာကမှ ဦးမောင်ကျန်အောင်က ပြောသည်။

ကျောက်ဖြူမြို့နယ် မအူပြိန် ကျေးရွာတွင် ပြုလုပ်ခဲ့သော ထိုလူထု တွေ့ဆုံဆွေးနွေးပွဲအား ကျောက်ဖြူကျေးလက်ဒေသ ဖွံ့ဖြိုးရေး အသင်းနှင့် သဇင်သွေးသစ်လူမှု ကွန်ယက်မှ ဦးဆောင်ပြီး ကျင်းပခဲ့ခြင်းဖြစ်သည်။

ဘယာကျေးရွာအုပ်စုကိုယ်စားလှယ်တစ်ဦးမှလည်း “မြန်မာတစ်နိုင်ငံလုံးမှာ ကန့်ကွက်နေတဲ့ ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းကို ဒီဒေသမှာလာတည်မယ်ဆိုတော့ ဒီဒေသကလူတွေကို သတ်ပစ်သလို ဖြစ်နေတယ်။ ကျနော်တို့ဒေသက လုံးဝ ကန့်ကွက်ပါတယ်” ဟု ပြောဆိုသည်။

ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမတွင် မေလ ၆ ရက်နေ့က ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးမောင်မောင်အုန်း အပါအဝင် ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအကြောင်းအား အကျိုးတူ ပူးပေါင်း အကောင်အထည်ဖော်မည့် Daewoo International Corporation နဲ့ MCM Energy Company Limited တို့မှ တာဝန်ရှိသူများမှ လာရောက်ပြီး ရှင်းလင်းခဲ့သေးသည်။

၎င်းတွေ့ဆုံရှင်းလင်းပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးမောင်မောင်အုန်းက ကျောက်မီးသွေး လျှပ်စစ်ဓာတ်အားပေး စက်ရုံစီမံကိန်းအား ပြည်သူမကြိုက်ရင် ပြုလုပ်မှာမဟုတ်ဟု ပြောဆိုခဲ့ကြောင်းသိရသည်။

ကျောက်ဖြူမြို့မှ တက်ရောက်လာသော နိုင်ငံရေးပါတီများ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့် ဆရာတော်များကလည်း ရခိုင်ပြည်နယ်သည် သဘာဝဓာတ်ငွေ့ထွက်တဲ့ဒေသဖြစ်ရာ ဂတ်စ်ကရတဲ့ လျှပ်စစ်မီးကိုသာ လိုချင်ကြပြီး ကျောက်မီးသွေးမှ ထုတ်လုပ်မည့်လျှပ်စစ်သည် ဆိုးကျိုးများ၍ မလိုချင်ကြကြောင်း ဆွေးနွေးသွားကြသည်။

၎င်းစီမံကိန်း၏ ရင်းနှီးမြုပ်နှံမှုပမာဏမှာ အမေရိကန်ဒေါ်လာ သန်း၂၅၀၀ ခန့်နှင့် စက်တပ်ဆင််အင်အား ပထမအဆင့် ၆၆၀ မီဂ္ဂါ၀ပ်၊ ဒုတိယအဆင့် ၆၆၀ မဂ္ဂါ၀ပ်ပြုလုပ်မည်ဖြစ်ပြီး မြေဧက အကျယ်အဝန်း မှာ ဧက ၆၀၀ မှ ဧက ၁၀၀၀ ခန့်အသုံး ပြုလုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

စီမံကိန်းအကောင်ထည်ဖော်မည့် ကုမ္ပဏီများက ဒေသခံများအား လမ်း၊ တံတား၊ စာသင်ကျောင်း၊ တိုက်နယ်ဆေးရုံ၊ စျေး၊ စာကြည့်တိုက်၊ သောက်သုံးရေကန်၊ လျှပ်စစ်၊ မီတာဘောက်နှင့် အလုပ်အကိုင် ရရှိအောင်ဆောင်ရွက်ပေးမည်ဟု စည်းရုံးထားကြောင်း ဒေသခံများကပြောသည်။

မေလ ၂၁ ရက်နေ့က ပြုလုပ်ခဲ့သော လူထု စည်းဝေးပွဲသို့ ကျေးရွာအုပ်စု ၁၁ အုပ်စု၊ ရွာပေါင်း ၂၈ ရွာမှ လူပေါင်း ၅၀၀ခန့် တက်ရောက်ခဲ့သည်။ ကျေးရွာအုပ်စု တစ်ခုလျှင် နှစ်ဦးကျ စီမံကိန်းနှင့်ပတ်သက်တဲ့သဘောထားကို ဆွေးနွေးခဲ့ရာ အားလုံးက လုံးဝအလိုမရှိကြောင်း ကန့်ကွက်သွားကြသည်။

January 27, 2026
ကျော်သီဟ — ရခိုင်ပြည်အတွင်း အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည့် မင်းပြားမြို့နယ်ရှိ...
January 26, 2026
မောင်စာဂ — ရခိုင်ပြည်၊ ရှေးဟောင်းယဉ်ကျေးမှုမြို့တော် မြောက်ဦးမြို့တွင်...
January 24, 2026
(နောက်ထပ် ရခိုင်ဇနီးမောင်နှံနှင့် ရခိုင်အဆိုတော်တစ်ဦးအပါအဝင် မွတ်ဆလင်လူငယ်တစ်ဦးလည်း...
ဓာတ်ပုံ- စစ်တွေအကျဉ်းထောင်
January 23, 2026
ပိုးဝါ — လာဘ်ငွေယူပြီး ထောင်သားများကို ဖုန်းပေးသုံးမှုကြောင့် စစ်တွေထောင်ပိုင်အပါအဝင်...