စိုးသူအောင် — မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများသို့ တရုတ်နိုင်ငံမှနေ၍ လက်နက်ထောက်ပံ့နေခြင်းမျိုး လုံးဝမရှိဟု သမ္မတရှီကျင့်ဖျင်က တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်တွေ့ဆုံစဉ် ထည့်သွင်း ပြောဆိုလိုက်သည်။
မြန်မာနိုင်ငံတွင်ရောက်ရှိနေသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတရှီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဇန်နဝါရီ ၁၈ ရက် နံနက်ပိုင်း နေပြည်တော်ရှိ Horizon Lake View Resort Hotel ဧည့်ခန်းမဆောင်၌ တွေ့ဆုံခဲ့ခြင်းဖြစ်သည်။
“အများကစွပ်စွဲပြောကြားနေသလို မြန်မာနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများကို လက်နက်ခဲယမ်းများ ထောက်ပံ့ပေးနေ ခြင်း လုံးဝမရှိကြောင်း၊ အခြားနည်းလမ်းများနှင့် ရရှိနိုင်သည်ဖြစ်၍ မိမိတို့ကလည်း သေချာစွာစိစစ် ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်း” သမ္မတရှီက ပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။
ထို့အပြင် သမ္မတရှီက “ အခြားနိုင်ငံများရဲ့ ပြည်တွင်းရေး ဝင်ရောက်စွပ်ဖက်ခြင်းကို တရုတ်နိုင်ငံအနေဖြင့် လက်မခံကြောင်း၊ ဆွေမျိုးပေါက်ဖော်ဆက်ဆံရေး ထိန်းသိမ်းဖို့အတွက် မိုင်ပေါင်း ၂၀၀၀ ကျော် နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်ဒေသဆိုင်ရာပူးပေါင်းမှုကို တိုးမြှင့်ရေး အရေးကြီးကြောင်း ပြောခဲ့ပါတယ်” ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမသို့ပြောသည်။
အလားတူ မည်သည့်အဖွဲ့အစည်းဖြစ်စေ တရုတ်နိုင်ငံပိုင်နက်ကို အသုံးချ၍ မြန်မာနိုင်ငံကို ထိခိုက်အောင် ဆောင်ရွက်ခြင်းမျိုးကို တရုတ်နိုင်ငံအနေဖြင့် လက်မခံကြောင်း ပြောဆိုခဲ့သေးကြောင်း သိရသည်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နိုင်ငံတစ်နိုင်ငံ တည်ငြိမ်အေးချမ်းရန်နှင့် ဥပဒေနှင့်အညီ ဖြစ်ရန်အတွက် အစိုးရ၏ ထိန်းကျောင်းမှုသည်များစွာအရေးပါပြီး မိမိတို့နိုင်ငံတွင်လည်း တည်ငြိမ်အေးချမ်းရေးအတွက် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ငြိမ်းချမ်းရေးရရှိရန် ဆောင်ရွက်နေသော်လည်း တိုင်းပြည်တိုးတက်မှုမရှိပါက ပြည်သူများက ယုံကြည်နိုင်ရန် ခဲယဉ်းမည် ဖြစ်ပါကြောင်း” ပြောဆိုခဲ့သည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရသည်။
ထို့အပြင် လက်ရှိ ဂမ်ဘီယာနိုင်ငံ၏တရားစွဲဆိုမှုကို ခံထားရသည့် မြန်မာနိုင်ငံအတွက် နိုင်ငံတကာနယ်ပယ်တွင် မြန်မာနိုင်ငံဘက်မှ ဆက်လက်ရပ်တည် ထောက်ခံပေးသွားမည်ဖြစ်ကြောင်း တရုတ်သမ္မတက ဆွေးနွေးပြောကြားခဲ့ကြောင်းလည်း သိရသည်။
တရုတ်-မြန်မာနယ်စပ်အနီး လှုပ်ရှားလျက်ရှိသည့် မြောက်ပိုင်းအဖွဲ့ဝင် တစ်ဖွဲ့ဖြစ်သည့် တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)ပိုင် စစ်လက်နက်ပစ္စည်း အမြောက်အမြားကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းက တပ်မတော်မှသိမ်းဆည်း ရမိခဲ့ရာ တရုတ်နိုင်ငံထုတ် စစ်လက်နက်ပစ္စည်းများ ပါဝင်ခဲ့သည်။
အဆိုပါ ကိစ္စရပ်နှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ မြောက်ပိုင်းအဖွဲ့တချို့ကို လက်နက်ထောက်ပံ့ပေးနေသည် ဆိုသည့် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။
သို့သော် တရုတ်နိုင်ငံမှ ထောက်ပံ့သည်ဆိုသော သက်သေ တိတိကျကျ မရှိကြောင်း တပ်မတော်ဘက်မှ မဇ္ဈိမသို့ ဖြေဆိုဖူးသည်။
TNLA မှ သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးတားအိုက်ကျော်က “ တရုတ်နဲ့က ငြိမ်းချမ်းရေးလုပ်ငန်းတွေမှာ သူက ကြားဝင်စေ့စပ်တာကလွဲလို့ ကျန်တဲ့ဟာတော့ မရှိဘူး ”ဟု ပြောသည်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ “တရုတ်က ထောက်ပံ့တယ်လို့တော့ ကျွန်တော်မသိဘူးဗျ၊ တရုတ်ကရောင်းတယ်ပေါ့ဗျာ။ ဒါပေမယ့် နိုင်ငံတော်ပေါ်လစီအရတော့ ရောင်းတာမဟုတ်ဘူး။ ကျွန်တော်တို့နဲ့ ဆက်စပ်နေတဲ့ ယူနန်ပြည်နယ်မှာရှိနေတဲ့ တရုတ်တပ်မတော် အစိတ်အပိုင်း တချို့ဆီက ဝယ်ယူလို့ ရရှိနိုင်တဲ့ အနေအထားတွေ ရှိတယ်။ အဲဒီ့ဟာက တကယ်တမ်းတော့ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တိုက်ရိုက် ဝယ်ယူတယ်ဆိုတာထက် “ဝ”နယ်ကနေတဆင့် ဝယ်ယူတယ်တော့ သတင်းကြားတာပေါ့။ ဒါပေမယ့် ဒါတွေက ဘယ်လောက်မှန်သလဲ၊ ဘယ်လောက် မှားသလဲ ဆိုတာတော့ မသိဘူး” ဟု ပြောသည်။
ထူးခြားချက်မှာ တရုတ်တမ္မတ၏ မြန်မာပြည်ခရီးစဉ်အတွင်း တပ်မတော်နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား ခဲ့ခြင်းမျိုး လုံးဝမရှိခဲ့ဘဲ ရခိုင်ပြည်နယ်တွင် AA အဖွဲ့နှင့် ထိတွေ့မှု တစ်ကြိမ်သာ ရှိခဲ့သည်။
တရုတ်သမ္မတ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း မြန်မာပြည်မြောက်ပိုင်းတွင် အခြေချသည့် လက်နက်ကိုင်များနှင့် တပ်မတော်တို့ကြားက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အခက်အခဲဖြစ်နေသော ပြဿနာများကို ဖြေရှင်းနိုင်မည့် နည်းလမ်း ရှာတွေ့ရန်မျှော်လင့်ကြောင်း "ဝ" အဖွဲ့ မှ ဇန်နဝါရီ ၁၅ ရက်က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်အရ တရုတ်နိုင်ငံသည် မြန်မာ့ငြိမ်းချမ်းရေးအပြင် မြောက်ပိုင်းအဖွဲ့များနှင့် အပစ်အခတ် ရပ်စဲနိုင်ရေးလုပ်ငန်းစဉ်များတွင် အရေးပါသည့်ကဏ္ဍ၌ ပါဝင်ပတ်သက်နေသည့် သဘောလည်း ဖြစ်သည်။
သမ္မတ ရှီကျင့်ဖျင်သည် ၂၀၀၉ ခုနှစ်က ဒုတိယသမ္မတအဖြစ် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့ဖူးသည်။ ယခု ဇန်နဝါရီ ၁၇ ရက်တွင် လာရောက်ခဲ့သည့် မြန်မာပြည်ခရီးစဉ်သည် မြန်မာ-တရုတ် ဆက်ဆံရေး နှစ်(၇၀)ပြည့် ၎င်း၏ သမ္မတသက်တမ်းတွင် ပထမဆုံးအကြိမ် လာရောက်ခဲ့သည့် ခရီးစဉ်လည်း ဖြစ်သည်။
သို့သော်လည်း သမ္မတ ရှီကျင့်ဖျင်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့သည် ယခုတွေ့ဆုံ မှုပါဝင်ပါ တွေ့ဆုံမှု စုစုပေါင်း ခြောက်ကြိမ်တိတိ ရှိခဲ့ပြီလည်းဖြစ်သည်။







