မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် တရုတ်သမ္မတကို ကချင်အဖွဲ့အစည်းများ တောင်းဆို

မြစ်ဆုံစီမံကိန်း ဖျက်သိမ်းပေးရန် တရုတ်သမ္မတကို ကချင်အဖွဲ့အစည်းများ တောင်းဆို

မြန်မာနိုင်ငံသို့ လာရောက်မည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖိန်အား ဧရာဝတီမြစ်ဆုံစီမံကိန်း အပြီးတိုင် ရပ်စဲပေးရန်နှင့် အခြား အချက် (၉)ချက်ပါ အိတ်ဖွင့်ပေးစာကို ကချင်အဖွဲ့အစည်း (၅၀)ကျော်မှ တောင်းဆိုလိုက်သည်။

သမ္မတ ရှီကျင့်ဖိန်သည် ဇန်နဝါရီ ၁၇-၁၈ ရက်များအတွင်း မြန်မာ-တရုတ် နှစ်နိုင်ငံကြား သံတမန်ရေးရာ အနှစ် (၇၀)ပြည့် ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်မည်ဖြစ်ပြီး ယခုခရီးစဉ်သည် ဆယ်စုနှစ် နှစ်ခုအတွင်း တရုတ်နိုင်ငံသမ္မတတစ်ဦးမှ မြန်မာပြည်ကို လာရောက်ခြင်းလည်း ဖြစ်သည်။

အိပ်ဖွင့်စာတွင် တရုတ်နိုင်ငံဖြင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ကချင်ပြည်နယ်မှ တရုတ်၏ ရင်းနှီးမြုပ်နှံမှုများအကြောင်းကို အဓိကထား တောင်းဆိုထားကြောင်း ကချင်အရပ်ဖက်အဖွဲ့အစည်းများမှ ဦး Tsaji ပြောသည်။

“ကျနော်တို့ ပြည်နယ်မှာ ပဋိပက္ခဖြစ်နေတာတွေကိုလည်း သိမြင်ပြီး မြန်မာ-တရုတ် နှစ်နိုင်ငံကြားစီးပွားရေး လမ်းကြောင်းတွေ မြန်မာနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားမှုတွေကို တရားမျှတစွာ လုပ်ဆောင်ပေးဖို့ ရည်ရွယ်ပြီး သူတို့ တရုတ်နိုင်ငံအတွင်း လုပ်ဆောင်နေတဲ့ တရားလမ်းတွေနဲ့အညီ ကျနော်တို့မှာလည်း ဖြည့်ဆည်းပေးပါ။ မလုပ်မနေရ လုပ်နေရတဲ့ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်တဲ့အခါ ဒီအချက်တွေကို လိုက်နာပေးစေလိုတဲ့အတွက် ဒီစာကို ရေးရတာပါ” ဟု သူက ဆိုသည်။

တောင်းဆိုချက်များတွင် ‘တရုတ်နိုင်ငံအနေဖြင့် မြန်မာပြည်အတွင်း အကောင်အထည်ဖော်နေသည့် စီမံကိန်းများနှင့် ပတ်သက်ပြီး ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နိုင်ငံတကာစံနှုန်းလေးစားရန်၊ ဒေသခံဌာနေပြည်သူများ၏ သမိုင်းဝင် ထုံးတမ်းများ တန်ဖိုးထားရန်၊ စီမံကိန်းမစခင် ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးရန်’ စသည်တို့ ပါဝင်သည်။

ထို့အပြင် ကချင်လို Mali-N’mai Zup ခေါ် မြစ်ဆုံရေကာတာစီမံကိန်းကြီးကိုလည်း အပြီးတိုင်ဖျက်သိမ်းပေးရန် တောင်းဆိုထားသည်ကို တွေ့ရသည်။

ကချင်ပြည်နယ်တွင် တရုတ်အစိုးရ၏ ရင်းနှီးမြုပ်နှံမှုများစွာရှိနေပြီး ၎င်းတို့မှာ ရပ်စဲထားသည့် မြစ်ဆုံစီမံကိန်း၊ Kambaiti (ကန်ပိုင်တီ)နယ်စပ်ကုန်သွယ်ရေးဇုန်၊မြစ်ကြီးနားစီးပွားရေးဇုန် နှင့် တရုတ်လုပ်ငန်းရှင် လာရောက်မြှုပ်နှံသည့် တစ်သျှူးငှက်ပျော၊ ကြံစိုက်ပျိုးမှု နှင့် မြေရှားသတ္တု တို့ဖြစ်သည်။

အိတ်ဖွင့်စာ မိတ္တူများကို နိုင်ငံတော်သမ္မတရုံး၊ နိုင်ငံတော်အတိုင်ပင်ခံရုံး၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် တရုတ်သံရုံးထံသို့လည်း ပေးပို့ထားကြောင်း သိရသည်။

January 7, 2026
စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ရဒေသဖြစ်တဲ့ လေရှီး၊ လဟယ်၊ နန်းယွန်းမြို့နယ်တွေမှာ...
January 7, 2026
ကသာမြို့လုံးကျွတ် နီးပါး ဘေးလွှတ်ရာကို စစ်ဘေးတိမ်းရှောင်နေကြရချိန် ဒေသခံတချို့ဟာ...
December 17, 2025
မြေရှားသတ္တု တူးဖော်ရေးနဲ့ ပတ်သက်ပြီး ကချင်လွတ်တပ်ရေးအဖွဲ့ KIO/KIA နဲ့ အိန္ဒိယအစိုးရကြား...
December 16, 2025
ကချင်ပြည်နယ်အတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု အများဆုံးကျူးလွန်သူတွေဟာ စစ်ကောင်စီတပ်တွေ...