ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ မိသားစုဝင်ဖြစ်နေတာကြောင့် ဦးဆောင်ဖြေရှင်းရန် အခက်အခဲရှိတာကြောင့် ဝန်ကြီးနှင့် ဆက်လက် ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်

ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ မိသားစုဝင်ဖြစ်နေတာကြောင့် ဦးဆောင်ဖြေရှင်းရန် အခက်အခဲရှိတာကြောင့် ဝန်ကြီးနှင့် ဆက်လက် ဆွေးနွေးဖို့ ဒေါ်အောင်ဆန်းစုကြည် ဆုံးဖြတ်

ကယားပြည်နယ်နေ့အခမ်းအနားကို တက်ရောက်ခဲ့တဲ့  နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်နှင့် ကရင်နီပြည် လူငယ်အင်အားစု  ၇ ဦးတို့ တံခါးပိတ်ဆွေးနွေးမှု ပြုလုပ်ခဲ့ရာ ဗိုလ်ချုပ်မြင်းစီး‌ကြေးရုပ်ကိစ္စဟာ မိသားစုဝင် ကိစ္စဖြစ်နေသဖြင့် ဦးဆောင်ဖြေရှင်းရန် အခက်အခဲရှိနေသောကြောင့် ပြည်ထောင်စုဝန်ကြီးနှင့်သာ ဆက်လက်ဆွေးနွေးဖို့ ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။

ကရင်နီပြည်လူငယ်အင်အားစုအဖွဲ့မှ ခွန်မျိုးလှိုင်ဝင်း“  ဗိုလ်ချုပ်ကြေးရုပ်ကိစ္စမှာတော့ ဒေါ်အောင်ဆန်းစုကြည်က သူ့ဖခင်လည်းဖြစ်တယ်၊ မိသားစုဝင်လည်း ဖြစ်တဲ့အတွက်  ကိုယ်တိုင်ဦးဆောင်ပြီး ဖြေရှင်းဖို့သူ့အတွက် အခက်အခဲရှိတယ်။ ဖြေရှင်းလိုတဲ့ စိတ်ဆန္ဒမရှိတာကြောင့် ပြည်ထောင်စုဝန်ကြီးနဲ့  ဆက်လက်အဖြေရှာသွားဖို့အတွက် သူကပြောတယ်။ ဒီကိစ္စအပေါ် ကျွန်တော်တို့ ကရင်နီလူငယ်တွေ အချင်းချင်း ပြန်တိုင်ပင်ဖို့ ရှိတယ်။ အဲ့အခုချိန်မှ ပြည်ထောင်စုဝန်ကြီးနဲ့  တွေ့ဖို့ အသေးစိတ်အဖြေရှာဖို့က အဲ့အချိန်မှ သိရမယ်။ အခုချိန်တော့  ပြောဖို့ အဆင်မပြေသေးဘူး။  တောင်သူအရေးတော့ ဆွေးနွေးကို  အားရပေမယ့် ဗိုလ်ချုပ်ကြေးရုပ်ကိစ္စ နဲ့ လူငယ်ကိစ္စတော့ သိပ်အားရကျေနပ်မှုတော့ မရှိဘူး" ဟု ပြောသည်။

တွေ့ဆုံမှုတွင် ကရင်နီလူငယ်များဘက်မှ  တပ်သိမ်းမြေအရေးကိစ္စကြောင့် တရားစွဲဆိုခံရသော  တောင်သူအရေး ၊ ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ဖယ်ရှားရေး ၊  ကယားပြည်နယ်တွင် လူငယ်စင်တာထားရှိရေး နှင့် ပြည်နယ်အစိုးရကထုတ်ပြန်ထားသော ဒေသန္တရ အမိန့် ပုဒ်မ - ၁၈၈ ကို ရုပ်သိမ်းပေးရေး  စသည့် အချက်တို့ကို   တင်ပြတောင်းဆိုခဲ့သည်။

ကယားပြည်နယ်အတွင်း    NLD အစိုးရလက်ထက် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ထု ပတ်သက်၍  ပြည်နယ်အစိုးရ နှင့် ကရင်နီလူငယ်များ အကြား  ပြဿနာ အကြိမ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီးနောက်  ကရင်နီလူငယ် ၆ ဦး တို့အကျဉ်းချခံရပြီး  မြေယာပြဿနာကြောင့် ကရင်နီတောင်သူ ၄၁ ဦး တရားစွဲဆိုခံထားရကြောင်း သိရသည်။  

 “ တပ်သိမ်းမြေ ကိစ္စနှင့် ပတ်သက်ပြီး တောင်သူလယ်သမားတွေ တရားစွဲခံရတယ် ။ ထောင်ထဲမှ ရောက်နေတဲ့ တောင်သူ အရေး ဝင်ရောက်ကူညီပေးဖို့ ပြောတဲ့အခါ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ဖြေရှင်းကူညီပေးမယ်။ ပြည်ထောင်စု စိုက်ပျိုးရေး ဝန်ကြီး ဒေါက်တာအောင်သူကိုလည်း တာဝန်ပေးထားတယ်။ ရှေ့နေရုံးချုပ်ကိုလည်း တိုင်ပင်ပြီး ဒီကိစ္စကို အမြန်ဆုံး ဖြေရှင်းပေးဖို့ လုပ်သွားမယ် ဆိုပြီး ပြောတယ် “  ဟု ကရင်နီလူငယ် ခွန်းမျိုးလှိုင်ဝင်း က ပြောသည်။

ဇန်နဝါရီ ၁၅ ရက်နေ့က ကယားပြည်နယ်၊လွိုင်ကော်မြို့တွင်   ပြုလုပ်သည့် (၆၈ )နှစ်မြောက် ကယားပြည်နယ်နေ့ အခမ်းအနားကို   နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တက်ရောက် ဖွင့်လှစ်ခဲ့သည်။

March 23, 2026
စက်သုံးဆီ သုံးစွဲမှု လျှော့ချရေးအတွက် စစ်ကော်မရှင်လက်အောက်ခံ အရာထမ်း၊ အမှုထမ်း...
March 21, 2026
နိုင်ငံအတွင်း စက်သုံးဆီ ဈေးနှုန်းများသည် မတ် ၂၀  ရက်၌ ဆီအမျိုးအစားပေါ်မူတည်၍ ကျပ် ၁,၀၀၀...
March 20, 2026
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ယင်းမာပင်ခရိုင် အမှတ် (၃၅) တပ်ရင်းတပ်စခန်းကို...
March 19, 2026
မြန်မာနိုင်ငံကူးလက်မှတ် (ပက်စ်ပို့) လုပ်ခွင့်အပေါ် ငြင်းပယ်နိုင်သည့် အချက်များပါဝင်သည့်...