လိုချင်တာ ယူပြီး၊ မကြိုက်တာကို ရှောင်လွှဲပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းဖြစ်နိုင်ဟု ဆို

လိုချင်တာ ယူပြီး၊ မကြိုက်တာကို ရှောင်လွှဲပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကျပ်အတည်းဖြစ်နိုင်ဟု ဆို
Photo by Myanmar state counsellor office
Photo by Myanmar state counsellor office

အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) စာချုပ်ထဲတွင် လိုချင်တာကို ယူပြီး မကြိုက်တာ ကို ရှောင်လွှဲမည်ဆိုပါက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကျပ်အတည်း ဖြစ်ပေါ်စေနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ အစုအဖွဲ့ တဖွဲ့ဖွဲ့က လိုချင်တာကိုပဲ ကွက်ပြီးယူမယ်။ မကြိုက်တာဆိုရင် ရှောင်လွှဲနေမယ်ဆိုရင် ကျန်တဲ့ အစုအဖွဲ့တွေ အားလုံးမှာလည်း အခက်အခဲတွေ ဖြစ်လာစေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အကျပ်အတည်းတွေ ဆက်တိုက်ဖြစ်ပေါ်နိုင်ပါတယ်” ဟု နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

နေပြည်တော်တွင် ဇန်နဝါရီ ၈ ရက် နံနက်ပိုင်းက ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) အစည်းအဝေးတွင် ယင်းသို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။

NCA စာချုပ်ထဲ မှ ကိုယ်ကြိုက်တာကို ပဲ ယူပြီး ၊ မကြိုက်တာမယူကာ ကိုယ်သဘောကျတဲ့အပိုင်း ကိုပဲ အကောင်အထည်ဖော်ပြီး သဘာမကျပါက အကောင်အထည် မဖော်သည့် ကိစ္စ ရှောင်ကြဉ်ကြရန်လည်း ဒေါ်အောင်ဆန်းစုကြည် က သတိပေးလိုက်သည်။

ထို့ပြင် NCA လက်မှတ်ရေးထိုးမထားသည့် တိုင်းရင်းသားလက်နက်ကိုင်များကိုလည်း အစိုးရ အနေဖြင့် အမြဲတမ်းတံခါးဖွင့်ထားကြောင်း၊ လက်နက်ကိုင်ပြီး အားသာချက်ယူတာ၊ ဖြေရှင်းချက် အသစ်များကို စိတ်ကူးယဉ်ခြင်းသည် နိုင်ငံပြဿနာ များကို မဖြေရှင်းနိုင်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည် က ပြောသည်။

“နိုင်ငံရေး စားပွဲဝိုင်းတွေမှာ ဝင်ထိုင်ပြီး ကိုယ့်ရဲ့ လိုအင် ဆန္ဒ ကိုယ့်ရဲ့ လိုလားချက် တွေကို ပွင့်ပွင့်လင်းလင်း ပြောပြပြီး၊ ကျမတို့ရဲ့ ဆွေးနွေးဖို့ လိုပါတယ်။ ဒီလို ဆွေးနွေးနိုင်ဖို့ အတွက် လည်း ကျမတို့ ငြိမ်းချမ်းရေး တံခါးဖွင့် ထားပေးတာဖြစ်ပါတယ်” ဟု လည်း နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် က ထပ်လောင်း ပြောကြားလိုက်သည်။

ဆက်လက်ပြီး ၂၀၂၀ ခုနစ် လ လယ်တွင် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ရာစု ပင်လုံ ညီလာခံ စတုတ္ထ အစည်းအဝေး ကျင်းပနိုင်ရေး ကို ဦးတည်ပြီး လုပ်ငန်းအစီအစဉ် အဆင့်ဆင့် ချမှတ်ဆောင်ရွက် သွားရန် လိုအပ်ကြောင်း လည်း PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ကြီး ယွက်စစ် က ယနေ့ အဖွင့်မိန့်ခွန်းတွင် ပြောသည်။



ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ချမှတ်ရာတွင် လက်ရှိဖြစ်ပွားနေသည့် အဖက်ဖက်က အခြေအနေများကို ထည့်သွင်းစဉ်းစားရမည်ဟုလည်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

အဆိုပါ JICM အစည်းအဝေးတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး စိုးဝင်း နှင့် အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့တက်ရောက်ခဲ့သည်။

NCA လက်မှတ်ရေးထိုးထားသည့် အဖွဲ့ ၁၀ဖွဲ့သည် JICM အကြိုညှိနှိုင်းမှုကို ယင်းမတိုင်မီနေ့က နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

Most read this week

December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...
December 19, 2025
စစ်ကော်မရှင်၏ အတုအယောင် ရွေးကောက်ပွဲတွင် ဝင်ပြိုင်ကြမည့် နိုင်ငံရေးပါတီအများစုသည်...
December 19, 2025
မြန်မာနိုင်ငံတွင် စစ်ရေး ပဋိက္ခ၊ စီးပွားရေး ပြိုလဲမှုနှင့် စစ်မှုထမ်း ကိစ္စရပ်များကြောင့်...