ရဲတပ်ဖွဲ့ကို မည်သူ ပြောင်းလဲမှာလဲ

ရဲတပ်ဖွဲ့ကို မည်သူ ပြောင်းလဲမှာလဲ

ထူးခြားသော ဖြစ်စဉ်နှစ်ခု မကြာသေးက ဖြစ်ခဲ့သည်။ တစ်ခုကတော့ နေပြည်တော် ဒက္ခိဏခရိုင် တရားရုံးတော်က ရဲဝင့်သော စီရင်မှုဖြစ်သည်။ လူသိများလှသော ဗစ်တိုရီးယားအမှုတွင် သံသယ တရားခံ ကိုအောင်ကြီးကို တရားသူကြီးက ဒီဇင်ဘာ ၁၈ ရက်နေ့က တရားရှင်လွှတ်ပေးမှုဖြစ်သည်။

နောက် အဖြစ်အပျက်တစ်ခုကတော့ သတင်းမကောင်းလှပါ။ အဆိုပါ အမှုနှင့် သက်ဆိုင်သော သတင်းစာ ရှင်းလင်းပွဲကို မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က နောက်တစ်ရက်တွင် သတင်းစာ ရှင်းလင်းပွဲလုပ်ခဲ့သည်။

မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ မှုခင်းတပ်ဖွဲ့ တပ်ဖွဲ့မှူး ရဲမှူးချုပ် စိုးနိုင်ဦး၊  ရဲတပ်ဖွဲ့ဌာနချုပ်(မှုခင်းညွှန်ကြားရေးမှူး)ကြီး မင်းဟန်၊ မှုခင်းရဲတပ်ဖွဲ့ ဌာနမှူး ရဲမှူးကြီး သာထွန်းအောင်တို့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် မလုပ် သင့် မလုပ်ထိုက်သည်များကို ရဲဘက်က ပြုလုပ်ခဲ့သည်။ နစ်နာသူ ကလေးငယ်၏ အမည်ရင်း၊ မိဘအမည်များ၊ နေရပ်လိပ်စာများကို ထည့်သွင်း ပြောဆိုသွားမှုဖြစ်သည်။

ရဲတပ်ဖွဲ့ကလည်း တိုက်ရိုက် ထုတ်လွှင့်မှုများ လုပ်နေသလို မီဒီယာအများအပြားကလည်း တိုက်ရိုက် ထုတ်လွှင့် မှု ပြုနေချိန်လည်း ဖြစ်သည်။

မျှော်လင့်ထားသလိုပင် ပြည်သူလူထု၏ ပြစ်တင် ဝေဖန်သံများ အွန်လိုင်းကော ပြင်ပတွင် ညံသွားခဲ့သည်။ ရဲတပ်ဖွဲ့အကြီးအကဲများက ကလေးသူငယ်ဥပဒေကိုပင် နားမလည်ခြင်းလော၊ သိလျက်နှင့် လစ်လျူရှုခဲ့ခြင်း လောဟု မေးခွန်း ထုတ်စရာဖြစ်သည်။

ရဲတပ်ဖွဲ့မှ တင်သွင်းသော သက်သေခံ အထောက်အထားများ အားမကောင်းသောကြောင့် စွပ်စွဲခံ ကိုအောင်ကြီးကို တရားရုံးတော်က လွှတ်ပေးလိုက်ခြင်းအပေါ် ပြန်လှန် မေးခွန်းထုတ်သည်ကိုပါ သတင်းစာ ရှင်းလင်းပွဲတွင် ကြားသိရသည်။

ထိုမျှသာမကဘဲ ဆိုးဝါးသော ကျူးလွန်မှုတစ်ခု ထပ်မံပြုလုပ်ပြန်သည်။ ရဲတပ်ဖွဲ့၏ ဖေ့စ်ဘွတ် စာမျက်နှာမှနေ၍ အမှုတွဲဖိုင်များ၊ အမှုနှင့်ပတ်သက်သော ကာယကံရှင်များ၏ ကိုယ်ရေးရာဇဝင်များကို တင်ပြန်သေးသည်။

လူအများအပြား ပြစ်တင်ဝေဖန်မှု ပြုလွန်းတော့မှ ပြန်လည် ဖြုတ်ချသွားခဲ့သည်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာနှင့် ပတ်သက်၍ ပြဿနာမှာ ကြီးလှသည်။

နိုင်ငံက နိုင်ငံတကာနှင့် ကူးလူး ဆက်ဆံမှုများ လာချိန်တွင် ရဲတပ်ဖွဲ့ဝင်များအတွက် လိုအပ်ချက်များနှင့် ဖိအား ကို ကျွနုပ်တို့ နားလည်ပါသည်။

ရဲတပ်ဖွဲ့ဝင်များအတွက် အသုံးအဆောင်၊ အဆောင်အယောင် နိမ့်ပါးမှု၊ အရှေ့တောင်အာရှတွင် အနိမ့်ဆုံး ဖြစ် သော လစာ၊ ခေတ်မမီတော့သော သင်တန်းများနှင့် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း လိုအပ်ချက်တို့ကလည်း ကြီးလှ သည်။ ဒီလို အခြေအနေတွင် နိုင်ငံဖြတ်ကျော် ရာဇဝတ်မှု သစ်များကိုပါ ရဲတပ်ဖွဲ့က ကြုံလာရချိန်လည်း ဖြစ်သည်။

သို့သော် ယခုကိစ္စသည် ရဲတပ်ဖွဲ့ဝင်များ၏ သဘောထား ကိစ္စဖြစ်သည်။ တရားဥပဒေစိုးမိုးရေးအတွက် စောင့်ရှောက်ရမည့် အဖွဲ့အစည်းက ဥပဒေကို မထီမဲ့မြင် ပြုမှုနေမှု ဖြစ်သည်။ ရဲတပ်ဖွဲ့အနေဖြင့် ပြုပြင် ပြောင်းလဲ မှု အချိန်မဆိုင်းဘဲ လုပ်ရမှာ ဖြစ်သည်။ ထင်တိုင်းကြဲ အဖြစ်မျိုး မဖြစ်စေရန် ရဲတပ်ဖွဲ့ ပြုပြင်ပြောင်း လဲခြင်းကို မည်သူက လုပ်မှာလည်းဆိုတာကို မိမိတို့ သိလိုလှပါသည်။

July 11, 2026
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်လာသည့် စစ်အုပ်စုတပ်သည်...
July 10, 2026
မြန်မာနိုင်ငံတစ်ဝန်း မိုးရွာသွန်းမှုများ ဆက်လက်ရှိနေပြီး မြစ် ၅ မြစ်မှာ စိုးရိမ်ရေမှတ်အနီးသို့...
July 9, 2026
စစ်ကိုင်းတိုင်းအတွင်းရှိ မုံရွာ-ယာကြီး-ကလေးဝလမ်းပိုင်းကို အပြည့်အဝပြန်လည်ထိန်းချုပ်...
July 8, 2026
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်တွင် အသက် ၅ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးအား သတ်ဖြတ်မှု...