ဗိုလ်ချုပ်မြင်းစီးကြေးရုပ် ကိစ္စနှင့် ဆက်နွယ်ပြီး ဖမ်းဆီး တရားစွဲဆို အကျဉ်းချခံထားရသည့် ကရင်နီလူငယ် ၅ ဦး ဒီဇင်ဘာလ ၁၃ ရက်တွင် ပြန်လွတ်လာသည်ဟု ၎င်းတို့၏ ရှေ့နေဖြစ်သူ စောခူးတလေက ပြောသည်။
“သူတို့လွတ်လာပြီ၊ မနက် ၇ နာရီကတည်းက ဝမ်းသာတယ်။ ကိုယ့်လူတွေ ပြန်ထွက်လာတယ် ဆိုတော့ ပျော်တာပေါ့”ဟုဒီဇင်ဘာလ ၁၃ ရက်တွင် ပြောသည်။
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ပုဒ်မ ၁၀ ဖြင့် ကယားပြည်နယ် အစိုးရက ဖမ်းဆီး တရားစွဲ အကျဉ်းချထားသည့် ကရင်နီလူငယ် ၆ ဦး အနက် ခူးကြူး ဖဲကေး (ခ)ဂူဂူးမှာ ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်နေ့က လွတ်မြောက်လာခဲ့ပြီး ကျန်ရှိနေသည့် ၅ ဦးမှာ ဒီဇင်ဘာလ ၁၃ ရက် တွင် ချုပ်ရက်စေ့သည့်အတွက် ပြန်လည်လွတ်မြောက်လာကြသည်ဟု စောခူးတလေ က ပြောသည်။ပြန်လည်လွတ်မြောက်လာသည့် ကရင်နီလူငယ် ၅ ဦးမှာ ခူးရီဒူး၊ ခွန်းသောမတ်စ်၊ မျိုးလှိုင်ဝင်း၊ ပျားလေးနှင့် ကိုဒီးဒီတို့ ဖြစ်ကြသည်။
ကရင်နီလူငယ်အားလုံး ပြန်လည်လွတ်မြောက်လာသည်ကို ကြိုဆိုသော်လည်း လူထုကို အကာအကွယ်ပေး သည့် ဥပဒေဖြင့် ပြည်နယ်အစိုးရမှ ကရင်နီလူငယ် ၆ ဦးအား ဖမ်းဆီး တရားစွဲ ထောင်ဒဏ်ချလိုက်ခြင်း သည် လက်ခံနိုင်စရာ မရှိသကဲ့သို့ အဆိုပါ ဥပဒေအပေါ် အစိုးရအနေဖြင့် တိတိကျကျ ပြန်လည်ရှင်းလင်းပေးရန် လိုအပ်သည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်မှ ဦးသဲရယ် က ပြောသည်။
“လက်ရှိပြဌာန်း နေတဲ့ နိုင်လွတ်လုံ ဥပဒေတွေက လူထုကို အကာအကွယ်ပေးဖို့ပြဌာန်းတာလား နို့မဟုတ်ရင် နိုင်ငံတော်ကို အကာအကွယ်ပေးဖို့ ပြဌာန်းတာလားဆိုတာ ကျနော်တို့က စဉ်းစားရခက်တာပေါ့နော ဆိုတော့ ဒီဥပဒေက ဘယ်သူ့အတွက်လဲ ဆိုတာ အစိုးရက ရှင်းလင်းဖို့လိုတယ်။ လူထုကို ကာကွယ်ပေးမယ့် ဥပဒေလို့ကျနော်တို့ ထင်ခဲ့ပေမယ့် လူထုကို အနိုင်ကျင့် ဗိုလ်ကျတဲ့ ဥပဒေ ပုဒ်မတွေဖြစ်နေတဲ့အခါကျ တော့ ဒါတွေက တရားမျှတမှုမရှိဘူး ဥပဒေရေးဆွဲ ပြဌာန်းက တည်းကိုက ရည်ရွယ်ချက်က တရားမျှတမှုမရှိဘူးလို့ ကျနော်တစ်ယောက်အနေနဲ့ သုံးသပ်ပါတယ်။”
ယခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကရင်နီလူငယ်များက ကယားပြည်နယ် ဝန်ကြီးချုပ်၊ စီမံရေးနှင့် ဘဏ္ဍာ ရေးဝန်ကြီး တို့အပြင် ဗိုလ်ချုပ်အောင်ဆန်းမြင်းစီး ကြေးရုပ်ဖြစ်မြောက်ရေးကော်မတီတို့ကြောင့် တိုင်းရင်းသားများ အချင်းချင်း ကြားနှင့် ဒေသအတွင်းရှိ ဌာနေတိုင်းရင်းသားများကြား စည်းလုံး ညီညွတ်မှုများကို ပြိုကွဲစေသည်သာမက ကရင်နီ သမိုင်းအား ပျက်ပြားစေကြောင်း လက်မှတ်ရေးထိုးကာ ထုတ်ပြန်ခဲ့သည့် စာကြောင့် ဖမ်းဆီးတရားစွဲခံခဲ့ရခြင်း ဖြစ် သည်။
အဆိုပါစာကြောင့် ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို နှင့် စီမံကိန်းနှင့် ဘဏ္ဍာ ရေး ဝန်ကြီး ဦးမော်မော်တို့က ၎င်းတို့၏ ဂုဏ်သိက္ခာအရ ညိုးနွမ်းမှု၊ ထိခိုက်မှု ရှိသည်ဟုဆိုကာ ကရင်နီ လူငယ် ၆ ဦးကို နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး(နိုင်လွတ်လုံ) ဥပဒေ ပုဒ်မ ၁၀ ဖြင့် တရားစွဲ ဆိုခဲ့သည်။
၎င်းတို့ ၆ ဦးကို လွိုင်ကော်မြို့နယ် တရားရုံးက သြဂုတ်လ ၂၆ ရက်နေ့ (၉) ကြိမ်မြောက် ရုံးချိန်းတွင် နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် အမှုကို ဆက်လက် စစ်ဆေးရန် စွဲချက်တင်ခဲ့ပြီး နိုဝင်ဘာလ ၇ ရက်နေ့ ၁၈ ကြိမ်မြောက် ရုံးချိန်း တွင် ထောင် ဒဏ် ၆ လစီ ကျခံရန် အပြီးသတ် အမိန့်ချမှတ်ခဲ့သည်။







