ကရင်နီ ပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်းများ အပါအဝင် တောင်သူလယ်သမား ၁၀ ဦးကို စစ်တပ်က ပိုင်နက်ကျူးလွန်မှုနှင့် ထပ်မံတရားစွဲဆိုထားသည်ဟု ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂအဖွဲ့ ကပြော သည်။
ဒီဇင်ဘာလ ၁၃ ရက်နေ့တွင် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်း ၃ ဦးအပါအဝင် တောင်သူ ၁၀ ဦးကို အမြောက်တပ်ရင်း ၃၅၆ မှ ဗိုလ်မှူး မိုးဝင်းထက်က တရားလိုပြုလုပ်ကာ တရားစွဲခဲ့ခြင်းဖြစ်သည်ဟု ကရင်နီ ပြည် တောင်သူလယ်သမား သမဂ္ဂ ဥက္ကဋ္ဌ ဦးတူရယ် က ပြောသည်။
“ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂဝန်ထမ်းက ၃ ဦး၊ နောက်ပြီးတော့ ဒေါမူကလားကျေးရွာက ၆ ဦးနဲ့ မြေနီကုန်းကျေးရွာက တစ်ဦးပေါ့။ ပုဒ်မက အခုက ဒီနေ့က တရားစွဲထားတဲ့ ၁၀ ဦးက ပုဒ်မ ၄၄၇ ပိုက်နက် ကျူးကျော်မှုနဲ့ပဲ တရားစွဲထားတာပေါ့။ အဓိကကတော့ စစ်တပ်ပိုင်ပါတယ်ဆိုတဲ့ မြေကို ကျူးကျော်လို့ဆို တဲ့ဟာမျိုးနဲ့ အခြေခံပြီးတော့ တရားစွဲ ထားတာပေါ့” ဟု ပြောသည်။
ယင်းနေ့က တရားစွဲဆိုခံရသည့် ကရင်နီပြည်တောင်သူလယ်သမား သမဂ္ဂမှ ဝန်ထမ်းများနှင့် တောင်သူလယ်သမားများ မှာ ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်က ဖြစ်စဉ်ကို အခြေခံပြီး တောင်သူလယ်သမားများကို အားပေးကူညီသည့်နေရာ တွင် ပိုက်နက်ကျူးလွန်မှုဖြင့် တရားစွဲဆိုခံရခြင်းဖြစ်သည်ဟု ဆိုသည်။
တရားစွဲဆိုခံထားရသည့် ကရင်နီပြည် တောင်သူလယ်သမား သမဂ္ဂ ဝန်ထမ်းများအတွက် တရားမျှတမှု ရရှိရန် ဥပဒေကြောင်းအရ ဆက်လက် လုပ်ဆောင်သွားမည်ဟု ဦးတူရယ် က ဆက်ပြောသည်။
“တရားမျှတမှုကိုတော့ ကျနော်တို့ လိုချင်တယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီဝန်ထမ်း ၃ ဦးက ဒီမြေနေရာကို သွားပြီး တော့ ထွန်ယက်စိုက်ပျိုးတာမဟုတ်ဘူး။ တောင်သူတွေကို သွားပြီးတော့ အသိပညာပေးတာ လောက်ပဲရှိတယ် ဆိုတော့ သူတို့ဟာက စစ်တပ်ရဲ့မြေကို သွားပြီးတော့ ကျူးကျော်တာ သွားပြီးတော့ စိုက်တာ သွားပြီးတော့ ထွန် ယက်စိုက် ပျိုးတာ မဟုတ်ဘူး။ မဟုတ်တဲ့အတွက်ကြာင့် တရားဥပဒေရှုထောင့်က ကြည့်ရင်တော့ ဒါကပြစ်မှု မ မြောက်ဘူးပေါ့။ ဆိုလိုတာက ကျနော်တို့က စစ်တပ်ကို ဥပဒေကြောင်းအရ ဘယ်လိုနည်းနဲ့ စစ်တပ်ကို ဘယ်လိုတ ရားပြန်စွဲ ရမယ် ဆိုတဲ့ ပုံစံမျိုးနဲ့ ကျနော်တို့ နည်းလမ်းရှာရတော့မှာပေါ့။”
လက်ရှိ ကယားပြည်နယ်(ကရင်နီပြည်နယ်)တွင် စစ်တပ်က တောင်သူလယ်သမားများကို တရားစွဲဆိုထားသည့် ဦးရေမှာ စုစုပေါင်း ၄၁ ဦးရှိနေပြီး ၁၁ ဦးမှာ ထောင်ထဲတွင် တရားရင်ဆိုင်နေရသည်ဟု ကရင်နီပြည် တောင်သူ လယ်သမား သမဂ္ဂ က ပြောသည်။
မြန်မာနိုင်ငံတဝန်းလုံးအပြင် လက်ရှိကယားပြည်နယ်တွင် ဖြစ်ပျက်နေသည့် မြေယာပြဿနာများသည့် ဒီမိုက ရေစီနှင့် ဖက်ဒရယ်တည်ဆောက်ရေးကို တစ်စုံတစ်ရာ အဟန့်အတားဖြစ်စေသည့်အတွက် အစိုးရ အနေဖြင့် သေချာကိုင်တွယ်ဖြေရှင်းရန်လိုသည်ဟု ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီမှ ဖရူဆိုမြို့နယ် မဲဆန္ဒနယ်အမှတ် ၁ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးသဲရယ် က ပြောသည်။
“လက်ရှိပြည်နယ်မှာဖြစ်နေတဲ့ မြေယာပြဿနာကလည်း တစ်ဖြည်းဖြည်းနဲ့ ကြီးလာတာပေါ့လေ၊ ဆိုတော့ ဒီအပေါ်မှာလည်း ငြိမ်းချမ်းရေးအတွက်လည်း အများကြီးထိခိုက်မှုရှိလာနိုင်တယ်ပေါ့။ အဲဒါကြောင့် အစိုးရရော တပ်မတော်တွေရော တကယ်လို့ ပြည်တွင်းငြိမ်းချမ်းရေးကို တကယ်တည်ဆောက်ချင်တယ်ဆိုရင်တော့ ဒီလိုအောက်ခြေလူထုတွေရဲ့ အရေးကိစ္စကိုလည်း ထည့်စဉ်စားဖို့လိုတယ်လို့ ကျနော်တစ်ယောက်အနေနဲ့ အဲလိုမျိုး မြင်တယ်။”
ထို့အပြင် ၂၀၁၂ ခုနှစ် လယ်ယာမြေဥပဒေ နှင့် ၂၀၁၈ ခုနှစ် မြေလွတ်မြေလပ်မြေရိုင်း ဥပဒေများသည် တိုင်းရင်းသား များမှ ဘိုးဘွားဘီဘင် အဆက်ဆက် ကျင့်သုံးလာခဲ့ကြသည့် ဓလေ့ထုံးတမ်း မြေယာလုပ် ကိုင်စားသောက်မှုနှင့် ဆန့်ကျင် နေသည့်အတွက် ပယ်ဖျက်ပေးရန် လိုအပ်နေသကဲ့သို့ လက်ရှိတည်ဆဲ ဥပဒေများကို ကျော်လွန်ပြီး မြေယာသိမ်းဆည်း မှုများရှိနေသည်ဟု ဦးသဲရယ်က သုံးသပ်သည်။
“ကျနော်တို့ဒေသမှာ စုပေါင်းနေတဲ့ ဓလေ့ထုံးတမ်းအရပေါ့နော။ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ အခါကျတော့ ဒီဟာကို လည်း ကျနော်တို့ တောင်းဆိုခဲ့တယ်ပေါ့နော။ ဒါတွေဟာ မပယ်ဖျက်ပဲနဲ့ကို ထပ်မံပြီးတော့ တည်ဆဲဥပဒေ ထက်ကျော်လွန် ခဲ့ပြီးတော့ နော အာဏာရှင်ဆန်ဆန် ထပ်ပြီးတော့မှ အသုံးပြုလာတယ်။ အဲလိုလုပ်လာတဲ့ အပေါ်မှာကတော့ ကျနော် တစ်ယောက်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့ ရှေ့ဆက်သွားနိုင်ဖို့ အများကြီး အဟန့်အတားဖြစ်နိုင်တယ်လို့ ကျနော်တစ်ယောက်အနေနဲ့ အဲလိုသုံးသပ်ပါတယ်။”
ကယားပြည်နယ်ရှိ တောင်သူလယ်သမားများမှာ ၎င်းတို့၏ မြေယာပြဿနာများကြောင့် စိတ်ဆင်းရဲခြင်း၊ စိတ်ပိုင်းဆိုင်ရာ နာကျင်ခံစားမှုများကို ဖြစ်ပေါ်လာသည့်အပြင် စားဝတ်နေရေးအတွက် အသက်ရှင်ရပ်တည်ရန် ပိုမိုခက်ခဲလာနိုင်သည့်အတွက် အစိုး ရအနေဖြင့် မြေယာပြဿနာများကို အမြန်ဆုံးကိုင်တွယ်ဖြေရှင်းပေးပါရန် တောင်သူလယ်သမားအရေး ဆောင် ရွက်သူများက တောင်းဆိုသည်။







