ICJ မှာ ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရမှ တာဝန်ယူ၊ တာဝန်ခံမှုကို ပြခြင်းဟု ပြော

ICJ မှာ ရင်ဆိုင်ဖြေရှင်းမှုသည် အစိုးရမှ တာဝန်ယူ၊ တာဝန်ခံမှုကို ပြခြင်းဟု ပြော

အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ တရားရင်ဆိုင်ဖြေရှင်းရန်အတွက် အစိုးရ နှင့် တပ်မတော် ပူးပေါင်း လုပ်ဆောင်ခြင်းသည် အစိုးရမှ တာဝန်ယူ တာဝန်ခံ မှုကို ပြသခြင်းဖြစ်သည်ဟု ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုသည်။

ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဒီဇင်ဘာ ၂ ရက်က စတင်ကျင်းပသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေး အဖွင့်မိန့်ခွန်း တွင် PPST ယာယီ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ယွက်စစ် မှ ပြောဆိုလိုက်ခြင်းဖြစ်သည်။

“အပြည်ပြည်ဆိုင်ရာ တရားရုံး ICJ မှာ မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံရဲ့ တရားစွဲဆိုခြင်းအား ရင်ဆိုင်ဖြေရှင်းရေးအတွက် အစိုးရနဲ့ တပ်မတော် ပူးပေါင်း လုပ်ဆောင်မယ်ဆိုတာဟာ ဒီကိစ္စ ကို အစိုးရက တာဝန်ယူတယ်၊ တာဝန်ခံတယ်ဆိုတာကို ပြသခြင်းပဲ ဖြစ်ပါတယ်။ တစ်ဖက်က သက်သေအထောက်အထား ခိုင်လုံမှု ဘယ်လောက်အထိရှိတယ်ဆိုတာကိုလည်း ထည့်တွက်ဖို့ လိုအပ်ပါတယ်။”

ဒီဇင်ဘာလ ၄ ရက်နေ့အထိ ကျင်းပမည့် အစည်းအဝေးတွင် JICM အစည်းအဝေး ကျင်းပနိုင်ရေး ကိစ္စ၊ NCA အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ PPST စုဖွဲ့မှု နှင့် ပတ်သက်သော လုပ်ငန်းလမ်းညွန်များ ဆွေးနွေးအတည်ပြုရေးကိစ္စ နှင့် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံတကာ ရေးရာ ကိစ္စ များ အပါအဝင် ငြိမ်းချမ်းရေး ရှေ့ဆက်သွားနိုင်ရေး ကိစ္စ များကို ဆွေးနွေးသွားရန် ရှိသည်ဟု သိရသည်။

ဗိုလ်ချုပ်ကြီး ယွက်စစ် ၏ အစည်းအဝေး အဖွင့်မိန့်ခွန်း နိဂုံးချုပ်တွင်မူ “ NCA လမ်းကြောင်းအရ ဆောင်ရွက်နေတဲ့ နိုင်ငံရေး ဆွေးနွေးပွဲများ အဆင့်ဆင့် နဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်တဲ့နေရာမှာ NCA ပြဌာန်းချက်အတိုင်း တသွေမတိမ်း လိုက်နာဆောင်ရွက်ဖို့ လိုအပ်သလို လက်ရှိ နိုင်ငံရေး အခြေအနေတွေနဲ့ ပတ်သက်လို့ ဖြစ်ချင်တာ၊ ဖြစ်သင့်တာ၊ ဖြစ်နိုင်တာတွေကို ချင့်ချိန်ပြီး လုပ်ဆောင်သင့်ပါကြောင်းနဲ့ နိုင်ငံရေး ပြသနာတွေကို နိုင်ငံရေး နည်းလမ်းနဲ့သာ ဖြေရှင်းနိုင်မှာ ဖြစ်ပါကြောင်း ပြောကြားရင်း နိဂုံးချုပ်ပါတယ်” ဟု ထည့်သွင်း ပြောဆိုသွားသည်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် NCA အပစ်ရပ် EAOs ၁၀ ဖွဲ့မှ ခေါင်းဆောင် ကိုယ်စားလှယ် ၆၀ ကျော် တက်ရောက်ဆွေးနွေးနေသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...