ရှမ်းပြည်နယ်မြောက်ပိုင်း နမ္မတူမြို့နယ်ရှိ ကျေးရွာတစ်ခုအတွင်းသို့ လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့သည့် အတွက် ဒေသခံတစ်ဦး သေဆုံးပြီး ၂ ဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။
နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအချိန်က နမ္မတူမြို့နယ်အတွင်းရှိ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာ အနီးရှိ ပြောင်းဖူးခြံထဲသို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့်အတွက် ပြောင်းခြံထဲတွင် အလုပ်လုပ်နေ သည့် အမျိုးသမီး ၃ ဦးထိမှန်ခဲ့ပြီး ၁ ဦးသေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိထားခဲ့သည်ဟု နမ္မတူမြို့နယ် တအာင်းအမျိုးသားပါတီ (TNP) ဥက္ကဌ တားအိုက်ထိုက်က ပြောသည်။
“၁၂နာရီမတိုင်ခင်ကို မန်ဝါရွာ ဘေးနား မှာရှိတဲ့ ပြောင်းဖူးခြံထဲမှာ ပြောင်းခုတ်ရင်း လက်နက်ကြီးကျလို့ မိန်းကလေး သုံးဦးထိတာပေါ့နော်၊ သေဆုံးသွားတဲ့ အမျိုး သမီးတစ်ဦးနဲ့နှစ်ဦးကဒဏ်ရာရရှိတယ်”
လက်နက်ကြီး ထိမှန်ကာ သေဆုံးသွားသူမှာ ဒေါ်မောက်ဆိုင် ဖြစ်ပြီး ထိခိုက်ဒဏ်ရာ ရရှိသူများမှာ လွေးအို ဟိန်း၊ လွေးဆိုင်ခမ်း တို့ဖြစ်သည်။ ၎င်းတို့ ၃ ဦးစလုံး မန်ဝါကျေးရွာသားများဖြစ်သည်ဟု သိရသည်။
လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိသူများကို နမ္မတူဆေးရုံနှင့် လားရှိုးဆေးရုံသို့ ဆေးကုသမှု ခံယူရန် ပို့ဆောင်ထား ပြီး ဒဏ်ရာ အခြေအနေနှင့် ပတ်သက်၍ TNP ပါတီမှ တားအိုက်ထိုက် ယခုလို ဆက်ပြောသည်။
“အခုလောလောဆယ်ကတော့ လားရှိုးဆေးရုံမှာ အရေးပေါ်တစ်ဦးသွားပို့လိုက်တယ်၊ ကျန်တဲ့တစ်ဦးကတော့ နမ္မတူဆေးရုံမှာပဲ ဆေးကုနေတာပေါ့နော်၊ လားရှိုးဆေးရုံတစ်ယောက်က ခန္ဓာကိုယ်အပိုင်းမှာ ကတော့မထိဘူး၊ ဒီအောက်ပိုင်းထိတဲ့ဟာကသူက ဒီလက်နက်ကြီးကျည်ဆံတွေက အထဲမှာရှိနေတော့ ပြန်ပြီးတော့ ခွဲ ထုတ်ရမှာ ပေါ့နော်”
နိုဝင်ဘာလ ၂၈ ရက်နေ့က စတင်ကာ နမ္မတူမြို့နယ်အတွင်းရှိ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာ နှင့် အနီးတစ် ဝိုက်တွင် တပ်မတော်နှင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
တိုက်ပွဲမှာ နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားခဲ့ပြီး အဆိုပါ တိုက်ပွဲအတွင်း လက် နက်ကြီကျည် ကျရောက်ပေါက်ကွဲခဲ့သည်ဟု TNP ပါတီ ဥက္ကဋ္ဌ ကပြောသည်။
“မနေ့က တစ်နေ့ကုန်ရယ် ဒီနေ့ ၁၂ နာရီထိပေါ့နော်၊ နမ္မတူမြို့နယ်၊ လွယ်ပြေးအုပ်စု မန်ဝါကျေးရွာတွေမှာ ဖြစ်တာပါ၊ ဒီနေ့ကတော့ မနက်၈နာရီကစပြီး ၁၂ နာရီထိဖြစ်တယ်။ လက်နက်ငယ်က ကျနော်တို့ သိပ်မကြား ရသလောက်ပေါ့၊ ဘာလို့လဲဆိုတော့ ကျနော်တို့နဲ့ အလှမ်းဝေးတယ်လေ မြို့ထဲမှာဆိုတော့ ၊ ဒါပေမဲ့ လက် နက်ကြီးကတော့ နည်းတာမဟုတ်ဘူး၊ မနေ့ကလည်း တစ်နေ့ကုန်ပစ်တယ်၊ ဒီနေ့လည်း ပစ်တာပေါ့နော်၊ လက်နက်ကြီးကတော့ ရွာထဲမှာလည်းကျတာရှိတယ်၊ ခြံထဲတွေမှာလည်း ကျတာ တွေရှိတယ်၊ရွာပြင်မှာလည်း ကျတယ်ပေါ့နော်”ဟု ပြောသည်။
လက်ရှိဖြစ်ပွားနေသည့် တိုက်ပွဲအခြေအနေနှင့် ပတ်သက်၍ တပ်မတော် နှင့် RCSS/SSA အဖွဲ့ကို ဆက်သွယ်၍ မရသကဲ့သို့ နှစ်ဖက် လက်နက်ကိုင် အဖွဲ့အစည်းများမှလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမရှိပေ။
တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည့် ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS/SSA သည် တစ်နိုင် ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ထဲတွင် တစ်ဖွဲ့ပါဝင်သည်။







