ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့် မွန်ပါတီ ကန့်ကွက်

ရွှေ့ပြောင်းလုပ်သားများ မဲပေးခွင့် မွန်ပါတီ ကန့်ကွက်

ရွေးကောက်ပွဲ နည်းဥပဒေပါအတိုင်း သက်ဆိုင်ရာ မဲဆန္ဒနယ်မြေများတွင် ယာယီ ရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲ ပေးခွင့်ပြုထားသည့်ကိစ္စကို မွန်ညီညွတ်ရေးပါတီက ကန့်ကွက်လိုက်သည်။

အဆိုပါ နည်းဥပဒေအတိုင်း ယာယီရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲပေးခွင့်ပြုပါက ရွေးကောက် ပွဲရလာဒ်ကို အပြောင်းအလဲဖြစ်စေသောကြောင့် ရွေးကောက်ခံကိုယ်စားလှယ်၏ စစ်မှန်သော ကိုယ်စားပြု မှုအပေါ် မေးခွန်း ထုတ်စရာဖြစ်လာမည်ဟု မွန်ညီညွတ်ရေးပါတီက နိုဝင်ဘာ ၂၃ ရက်နေ့တွင် ကြေညာချက်ထုတ်ကာ ကန့်ကွက်လိုက်ခြင်းဖြစ်သည်။

မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး (၂) နိုင်စံတင်က“ရွှေ့ပြောင်းလုပ်သားမဲပေးပိုင်ခွင့်က အမှန်က ကိုယ်စားပြုနိုင်မှုက သူတို့နယ်က လွှတ်တော်ကိုယ်စားလှယ်အတွက်ပဲ ကိုယ်စားပြုနိုင်မှုရှိတယ် သူတို့ ယာယီ လာနေထိုင်တဲ့ဒေသက လွှတ်တော်ကိုယ်စားလှယ် ရွေးချယ်ပိုင်ခွင့်မရှိဘူး အဲလိုမြင်တယ်” ဟု ပြောသည်။

လွှတ်တော်ရွေးကောက်ပွဲနည်းဥပဒေ ပုဒ်မ(၁၀)တွင် သက်ဆိုင်ရာမဲဆန္ဒနယ်မြေအတွင်း ယာယီနေထိုင်သော ရွှေ့ပြောင်းလုပ်သားများအား ၎င်းတို့ယာယီနေထိုင်သော မဲဆန္ဒနယ်မြေတွင် ရွေးကောက်ခံသော ကိုယ်စားလှယ် လောင်းများအား ဆန္ဒမဲပေးခွင့်ပြုထားကြောင်း ပြဌာန်းပါရှိသည်။

အဆိုပါ ပြဌာန်းချက်အတိုင်း ယာယီရွှေ့ပြောင်းလုပ်သားများအား ဆန္ဒမဲပေးခွင့်ပြုခြင်းသည် ရွေးကောက်ပွဲ၏ လွတ်လပ်တရား မျှတမှုကိုလည်း ထိပါးရာရောက်သည်ဟု ယူဆကြောင်း မွန်ညီညွတ်ရေးပါတီ၏  ထုတ်ပြန် ချက်ထဲတွင် တွေ့ရသည်။

ထို့ကြောင့် ယာယီရွေ့ပြောင်းလုပ်သားများအနေဖြင့် ၎င်းတို့ မူလနေထိုင်ရာ နယ်မြေများတွင် မဲပေးခြင်းကသာ အသင့်တော်ဆုံးဖြစ်သည်ဟု နိုင်စံတင်က ဆက်ပြောသည်။

“ယာယီရွှေ့ပြောင်းလုပ် သားတွေအနေနဲ့ သူတို့ ဒေသက လွှတ်တော်ကိုယ်စားလှယ်ပဲ မဲထည့်ပိုင်ခွင့်ရှိတယ် ပိုပြီးတော့အဆင်ပြေမယ် ကိုယ်စားပြုမှုဖြစ်မယ် သူတို့ ယာယီလာနေထိုင်တဲ့ဒေသက လွှတ်တော်ကိုယ်စား လှယ်ကို မဲထည့်ခွင့်ပေးတာ ဘယ်လိုမှ ကိုယ်စားမပြုနိုင်ဘူး”

ယာယီ ရွှေ့ပြောင်းလုပ်သားများအတွက် မဲပေးပိုင်ခွင့်ကို နေရပ်ပြန်ပြီး မဲပေးသည့်စနစ် သို့မဟုတ်  ကြိုတင်မဲ ပေးသည့်စနစ်ဖြင့်သာ တရားနည်းလမ်းကျကျ အကောင်အထည်ဖော်သင့်သည်ဟု မွန်ညီညွတ်ရေးပါတီက ပြောသည်။

မွန်ပါတီအနေနှင့် အဆိုပါ ယာယီ ရွှေ့ပြောင်းလုပ်သား မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ယခင်ကတည်းက ရွေးကောက်ပွဲကော်မရှင်ထံ ကန့်ကွက်စာတင်ခဲ့ဖူးသလို ကော်မရှင်နှင့် တွေ့ဆုံတိုင်းလည်း တင်ပြမှုရှိခဲ့ကြောင်း ပါတီထံမှ သိရသည်။

ထိုကဲ့သို့ ကန့်ကွက်နေသည့် ကြားမှ ရွေးကောက်ပွဲကော်မရှင်က ယခုအခါ ရွေးကောက်ပွဲနည်းဥပဒေကို ပြန်ပြင်လိုက်သည့်အပေါ် အခြေအနေ ပိုဆိုးသွားသည်ဟုလည်း နိုင်စံတင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြန်လည်ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲ နည်းဥပဒေများနှင့် ပတ်သက်၍ နည်းဥပဒေ ၁၀ တွင် ပါရှိသည့် ယာယီရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်သည့် အနည်းဆုံး ရက်ပေါင်း ၁၈၀ ထက်မနည်းအစား အနည်းဆုံး ရက်ပေါင်း ၉၀ ထက်မနည်းဟု   အစားထိုး သွားမည်ဟု အောက်တိုဘာ ၃ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့သည်။

လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက်ပွဲဖြစ်တည်ရေးအတွက် သက်ဆိုင်သူများအနေနှင့် အဆိုပါ ယာယီ ရွှေ့ပြောင်းလုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး အလေးအနက်ထား ဆောင်ရွက်စေလိုသည်ဟု မွန်ပြည် နယ်လွှတ်တော် ဒုဥက္ကဌ ဒေါက်တာအောင်နိုင်ဦးကလည်း ပြောဆိုထားသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ပြင်ဆင်လိုက်သည့် ရွေးကောက်ပွဲနည်းဥပဒေပါ ယာယီရွှေ့ပြောင်း လုပ်သားများ မဲပေးပိုင်ခွင့်နှင့် ပတ်သက်ပြီး ကချင်အမျိုးသားကွန်ဂရက်ပါတီကလည်း ကြေညာချက်ထုတ် ကန့်ကွက်ထားသည့်အပြင် တိုင်းရင်းသားဒေသအများစုက တိုင်းရင်းသားပါတီများကလည်း  ကန့်ကွက်ကြောင်း ထုတ်ဖော်ပြောဆိုထားကြသည်။

ဓါတ်ပုံ - (AAPP / ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု ရရှိသူ AAPP ပူးတွဲတည်ထောင်သူ ဦးဘိုကြည်)
August 31, 2026
အာရှ၏ နိုဘယ်လ်ဆုဟု တင်စားကြသည့် ၂၀၂၆ ခုနှစ် ရေမွန်မက်ဂ်ဆေးဆေးဆု (Ramon Magsaysay Award) ကို...
ဓာတ်ပုံ - (ဘန်ကောက်သို့ သွားရောက် အလုပ်လုပ်ကိုက်ကြမည့် ကရင်နီစစ်ရှောင်လူငယ်များ / Refugee man)
August 31, 2026
စစ်အာဏာသိမ်းပြီးနောက် ၅ နှစ်အတွင်း ကရင်နီပြည်မှ လူငယ် ၇,၀၀၀ ခန့် ပြည်ပသို့ ထွက်ခွာသွားခဲ့ရာ...
ဓာတ်ပုံ - (ပုံဟောင်း / Crd)
August 31, 2026
စစ်အုပ်စု၏ ပစ်မှတ်ထား စောင့်ကြည့်ခြင်း၊ နောက်ယောင်ခံလိုက်ခြင်းနှင့် မတရား ဖမ်းဆီးစစ်ဆေးခြင်းများ...
August 29, 2026
ဧရာဝတီတိုင်း၊ ရွှေသောင်ယံမြို့နယ်အတွင်း၌ စစ်တပ်က ရေပြင်နှင့် မြေပြင် စစ်အင်အားများ ဖြည့်တင်း ကာ...