NCA အကောင်အထည်ဖော်ရေး ပူးတွဲ အစည်းအဝေး (JICM) ပြန်စရန် သဘောတူ

NCA အကောင်အထည်ဖော်ရေး ပူးတွဲ အစည်းအဝေး (JICM) ပြန်စရန် သဘောတူ

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်များနှင့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့မှ ကိုယ်စားလှယ်တို့ NCA ပူးတွဲအကောင်အထည် ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM ကို ပြန်လည် စတင်ရန် သဘောတူခဲ့ကြသည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC မှ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက  “ဒီနေ့ကတော့ ၁၀ ဖွဲ့နဲ့ ရပ်တန့်သွားတဲ့ JICM အစည်းအဝေး ပေါ့ နော်။ ရပ်ဆိုင်းသွားတယ် မကျင်းပနိုင်ခဲ့ဘူး။ ဒါကို အမြန်ဆုံးကျင်းပနိုင်ဖို့အတွက် ကျနော်တို့ နှစ်ဦး နှစ်ဖက်ကြားမှာ ကျော်လွှားရမယ့် အခြေအနေတွေ ကျနော်တို့ ဖက်က အဆိုပြုသလို EAOs ဖက်ကလည်း သဘောတူမှုမျှ ပါတယ်။ တူတယ်” ဟု နိုဝင်ဘာ ၂၀ ရက်နေ့က ပြောသည်။

နိုဝင်ဘာလ ၂၀ ရက်တွင် NCA အပစ်ရပ် လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း ၁၀ ဖွဲ့မှ ကိုယ်စားလှယ်များနှင့် အစိုးရ ငြိမ်းချမ်းရေး ကော်မရှင် PC မှ ကိုယ်စားလှယ်တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အဆိုပါ တွေ့ဆုံဆွေးနွေးမှုအတွင်း ရပ်တန့်နေသည့် JICM အစည်းအဝေးကို  ပြန်လည်စတင်ရန်၊ ၂၁ ရာစုပင် လုံညီလာခံကို မတ်လအတွင်း ကျင်းပရန် အစရှိသည့် အချက်များကို အကြမ်းဖျင်း သဘောတူခဲ့ကြသော်လည်း NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေး အဖွဲ့များ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးတွင် ပြန်လည်အတည်ပြုချက် ရယူမည်ဟု နှစ်ဖက်ခေါင်းဆောင်များက ပြောသည်။

အပစ်ရပ် ၁၀ ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက “ရှေ့ဆက် JICM ဆွေးနွေးပွဲဖြစ်ဖို့ ကျနော်တို့ အခု နှစ်ဖက်က အလုပ်အဖွဲ့က သဘောတူကြတယ်။ ဒါကို ကျနော်တို့က ဆုံးဖြတ်ချက်ချလို့မရဘူး။ PPST မှာ ကျနော်တို့တင်မယ်” ဟု ပြောသည်။

PPST အစည်းအဝေးကိုလည်း လာမည့် ဒီဇင်ဘာလ ၂ ရက်နေ့ မှ ၃ ရက်နေ့အထိ ၃ ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်သည်ဟု နိုင်အောင်မငေးက ဆက်ပြောသည်။

“PPST ကတော့ လာမယ့် ဒီဇင်ဘာ ၂၊ ၃၊ ၄ မှာထိုင်မယ်။ အဲဒီမှာဆို အသေးစိတ် လုပ်ငန်းစဉ်ကို ကျနော်တို့ JICM ကနေပြီးတော့ ဆုံးဖြတ်ချက် ချထားတာရှိတယ်။ အဲဒါကို ကျနော်တို့က တင်မယ် တင်ပြီးတော့ အသေး စိတ်ဘာလုပ်မလဲ နောက်တော့ အစိုးရက တင်ပြထားတဲ့ JICM အစည်းအဝေးကို ဒီဇင်ဘာလ ၁၈၊ ၁၉ မှာ လုပ် ဖို့တော့ ဒါကျနော်တို့ တင်ပြမှာပေါ့။”

ယနေ့အစည်းအဝေးတွင် JICM အစည်းအဝေး ပြန်လည်ကျင်းပနိုင်ရေး အပါအဝင် ၂၁ ရာစု ပင်လုံညီလာခံ ကို မတ်လအတွင်း ကျရောက်သည့် တပ်မတော်နေ့ နောက်ပိုင်း ကျင်းပရေးနိုင်ရေးကိစ္စရပ်များ၊ ဗိုလ်ချုပ်ကြီး ယွက် စစ်၏ နေပြည်တော် ခရီးစဉ် ပျက်ပြယ်ခဲ့သည့် ကိစ္စရပ်များနှင့် နိုင်ငံတကာတွင် အစိုးရ၏ ရင်ဆိုင်ကြုံ တွေ့နေရ သည့် အခြေအနေများကို ဆွေးနွေးခဲ့ကြသည် ဟု သိရသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂၈ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် NCA လက်မှတ်ရေးထိုးခြင်း ၄ နှစ်ပြည့် အခမ်းအနားကို RCSS/SSA ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်ဆစ် တက်ရောက်ရန် ကနဦး သဘောတူညီမှု ရရှိထားသော်လည်း တပ်မတော်မှ ဟန့်တားခဲ့သည့်အတွက် အဆိုပါ ခရီးစဉ်ကို RCSS/SSA ဖက်မှ ဖျက်သိမ်း ခဲ့သည်။

၎င်းနောက် နေပြည်တော်တွင် ကျင်းပရန် စီစဉ်ထားသည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘော တူညီချက် NCA ပူးတွဲအကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းရေးအစည်းအဝေး JICM နှင့် အပစ်ရပ်အဖွဲ့များ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST အစည်းအဝေးများလည်း ပျက်ပြယ်သွားခဲ့သည်။

ယနေ့ အစည်းအဝေးသို့  ငြိမ်းချမ်းရေးကော်မရှင် PC မှ အငြိမ်းစား ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး  ဦးဆောင်ပြီး ဦးဇော်ဌေး၊ ဦးလှမောင်ရွှေ နှင့် ဦးမိုးဇော်ဦး တို့ တက်ရောက်ခဲ့ပြီး NCA အပစ်ရပ် ၁၀ ဖွဲ့မှ ဗိုလ်မှူးကြီး စိုင်းငင်း ဦးဆောင်ပြီး ဦးမျိုးဝင်း၊ စောမြရာဇာလင်း၊ ခွန်မြင့်ထွန်း၊ ဗိုလ်မှူးကြီး စောစိန်ဝင်း၊ ဗိုလ်မှူးကြီး စောကျော်ညွန့်၊ ဗိုလ်မှူးကြီး ဆော်လမွန်၊ ဆလိုင်း ထလာဟေး၊ နိုင်အောင်မငေး၊ စောဂျော်နီ တို့ တက်ရောက်ခဲ့ကြသည်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင် PC အနေဖြင့် နိုဝင်ဘာလ ၂၂ ရက်နေ့တွင် ကရင် အမျိုးသား အစည်းအရုံး KUN နှင့် တွေ့ဆုံဆွေးနွေးမည်ဟု သိရသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများမှာ ကရင်အမျိုးသား အစည်း အရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF ၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက် တစ်တပ်ဦး ABSDF ၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNLA/PC ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချူပ် PNLO၊ ရခိုင် ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ RCSS ၊ ကရင်အမျိုးသား ဒီမို ရေစီအကျိုးပြုတပ်မတော် DKBA ၊ မွန်ပြည်သစ်ပါတီ NMSP နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU တို့ ဖြစ်သည်။

Most read this week

February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...
February 7, 2026
ဒေါ်အောင်ဆန်းစုကြည်၏ ဝမ်းကွဲ အကို၊ ဗိုလ်ချုပ်အောင်ဆန်း၏ တူ၊ အာဇာနည် ခေါင်းဆောင်ကြီး ဦးဘဝင်း၏ သား...