ကရင်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်

ကရင်ပြည်နယ်၏ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ မိတ်ဆက်ရှင်းလင်းပွဲ ပြုလုပ်

စောရှား — ကရင်ပြည်နယ် ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာနနှင့်The Asia Foundation တို့ ပူးပေါင်း၍ ပြည်နယ်၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင် မိတ်ဆက်ရှင်းလင်းပွဲနှင့် အရပ်ဘက်လူမှုအဖွဲ့အစည်းများအား ရှင်းလင်းပွဲကို နိုဝင်ဘာ ၁၉ ရက်တွင် ဘားအံမြို့ သီရိဘားအံဟိုတယ်၌ ပြုလုပ်ခဲ့သည်။

The Asia Foundation ၏ ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲရေးဆိုင်ရာ အထူးအကြံပေး မစ္စတာ ဂရန့်ဘဲဘရစ်က “Citizen Budget (ပြည်သူ့ဘဏ္ဍာ)အကြောင်း ကရင်ပြည်သူလူထုကို အရင်ဆုံးရှင်းလင်းတင်ပြချင်တယ်။ ဒီလိုရှင်းလင်းခြင်းအားဖြင့် ပြည်သူတွေ၊ အရပ်ဖက်အဖွဲ့တွေက Citizen Budget အကြောင်း အစိုးရကို မေးခွန်း မေးမြန်းခွင့် ရသွားအောင်လို့ပါ” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် The Asia Foundation အနေဖြင့် ကရင်ပြည်သူလူထုများ၏ လိုအပ်ချက် အသံများကိုနားထောင်ပြီး ကရင်ပြည်နယ်အစိုးရ ကြားသိနိုင်ရန် ပေါင်းကူးတံတားလေးသဖွယ် ကူညီပေးသွားမည်ဖြစ်ကြောင်း မစ္စတာ ဂရန့်ဘဲဘရစ်က ဆက်ပြောသည်။

 

ယနေ့ရှင်းလင်းပွဲသို့ ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လွှတ်တော်ဥက္ကဌနှင့် လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းများ၊ မီဒီယာများ တက်ရောက်ခဲ့ကြပြီး ပြည်နယ် အစိုးရတာဝန်ရှိသူများမှ အဖွင့်အမှာစကားပြောကြားခြင်း၊ ရသုံးမှန်းခြေငွေစာရင်းဆိုင်ရာ အချက်အလက်များ စာစောင်ကို မိတ်ဆက်ရှင်းလင်း တင်ပြခြင်း၊ အမေးအဖြေကဏ္ဍ၊ စီမံကိန်းလုပ်ငန်းများကို ရှင်းလင်း တင်ပြခြင်း၊ အုပ်စုဖွဲ့ဆွေးနွေးခြင်း၊ ဆွေးနွေးမှုရလဒ်များတင်ပြခြင်းများ ပြုလုပ်ခဲ့ကြသည်။

ပြည်သူ့ဘဏ္ဍာစီမံခန့်ခွဲမှုနှင့်ပတ်သက်သည့် အုပ်ချုပ်မှုဆိုင်ရာ စနစ်ပိုင်းများတွင် နည်းပညာပိုင်းကူညီပေးနေ သည့် အမေရိကန်နိုင်ငံအခြေစိုက် The Asia Foundation ၏ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ရုံးခွဲကို ၁၉၅၈ ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ပထမအကြိမ် ဖွင့်လှစ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ် ၂၀၁၃ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

April 4, 2026
ကရင်ပြည်နယ်အတွင်း စက်သုံးဆီဈေးနှုန်း အဆမတန်မြင့်တက်လာခြင်းနှင့် လျှပ်စစ်မီး...
Photo: CJ
April 3, 2026
မြဝတီ-ကော့ကရိတ်-ဖားအံသို့ သွားလာ၍ရသည့် တောင်ပေါ်လမ်းမတက်ခင်နေရာကို ဧပြီ ၂ ရက်နေ့တွင် စစ်အုပ်စုက...
Photo:KIC
April 2, 2026
ဖားအံ-ကော့ကရိတ်-မြဝတီ ကုန်သွယ်ရေးအချက်အချာကျ အာရှလမ်းမကြီးပြန်လည်ဖွင့်လှစ်မည့်...
April 1, 2026
နန်းဝေဖြိုးဇာ — “ အလုပ်လည်းမရှိတော့ အစ်မက ဘန်ကောက်ကို တက်လာခိုင်းတာ။ ရွာက သူငယ်ချင်းတွေလည်း...