အချုပ်ကားယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ဘူးသီးတောင်မြို့နယ် သစ်တောရွာကျေးရွာသားများ သတိပေးခံရ

အချုပ်ကားယာဉ်တန်း မိုင်းဆွဲခံရမှုကြောင့် ဘူးသီးတောင်မြို့နယ် သစ်တောရွာကျေးရွာသားများ သတိပေးခံရ

ဝံသ — ရခိုင်ပြည်နယ်၊ ဘူးသီးတောင် - မောင်တောကားလမ်းပေါ်တွင် တည်ရှိသည့် သစ်တောရွာကျေးရွာနှင့် တပ်မတော်(၂၆၃) ခြေမြန်တပ်ရင်းအကြားတွင် အချုပ်ကားယာဉ်တန်း မိုင်းဆွဲခံရမှုနှင့်ပတ်သက်ပြီး သစ်တောရွာကျေးရွာတာဝန်ရှိသူများကို တပ်မတော်က ခေါ်ယူသတိပေးခဲ့ကြောင်း ရွာသားများက ပြောသည်။

အောက်တိုဘာလ ၂၄ ရက်နေ့က မောင်တောခရိုင်တရားရုံးမှ ရုံးထုတ်ပြီး ဘူးသီးတောင်သို့ပြန်လာသည့် အချုပ်သားယာဉ်နှင့် နယ်ခြားစောင့်လုံခြုံရေးယာဉ်တန်းသည် သစ်တောရွာကျေးရွာနှင့် သုံးဖာလုံခန့် ကွာဝေးသည့်နေရာတွင် မိုင်းခွဲတိုက်ခိုက်ခံရကာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ သေဆုံးဒဏ်ရာရရှိပြီး အချုပ်သား ၂ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။

၎င်းဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျေးရွာတာဝန်ရှိသူများကို တပ်မတော်မှခေါ်ယူကာ နောက်ထပ်မိုင်းပေါက်ကွဲမှုများ ဖြစ်ပေါ်လာပါက ကျေးရွာမှတာဝန်ယူရမည်ဟု သတိပေးပြောဆိုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေအောင်က ပြောသည်။

“ဒီလမ်းမှာကလည်း မနက် ၆ နာရီမှ ည ၁၀ နာရီအထိ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးတွေ ရေတွက်မရသွားနေကြတာ။ ဘယ်သူတွေလုပ်သွားသလဲ ဘယ်သိပါမလဲ့လို့။ တပ်ကတော့ပြောတယ်။ နောက်တစ်ကြိမ်ဖြစ်လာရင် ခင်ဗျားတို့တာဝန်ယူရမယ်။ ငါတို့တပ်က ပစ်ခတ်တာတွေလုပ်ရင် ခင်ဗျားတို့ကျေးရွာမှာပဲ ကျလာလိမ့်မယ်လို့ပြောတယ်” ဟု ကျေးရွာအုပ်ချုပ်ရေးမှူးက ပြန်ပြောပြသည်။

သစ်တောရွာကျေးရွာမှာ အိမ်ခြေ ၃၂ ဆောင်ရှိပြီး လူဦးရေ ၁၇၄ ဦး နေထိုင်လျက်ရှိသည်။

‘မိုင်းပေါက်ကွဲမှုနောက်ထပ်ဖြစ်လျှင် ကျေးရွာကတာဝန်ယူရမည်’ ဆိုသည့် တပ်၏ သတိပေးချက်ကြောင့် ကျေးရွာသားများမှာ စိုးရိမ်မှုများရှိနေကြသည်။ ကျေးရွာအတွင်း ဆက်လက်နေထိုင်ရေးအတွက်ကိုလည်း အစိုးရက တာဝန်ယူပေးရန် ကျေးရွာသားများက လိုလားနေကြသည်။

“အစိုးရတွေ လူကြီးတွေက ဒီမှာပဲနေ၊ မသွားနဲ့ ကျနော်တို့တာဝန်ယူတယ် ဘာမှမဖြစ်စေရဘူးလို့ ပြောတဲ့သူမရှိဘူး။ တာဝန်လည်းမယူချင်ဘူး၊ ခင်ဗျားတို့နေချင်ရင်နေ၊ သွားချင်သူသွားဆိုတော့ လူတွေလည်းမနေရဲကြတော့ဘူး” ဟု သစ်တောရွာကျေးရွာမှ ဒေါ်မသိန်းနုက ပြောသည်။

နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြရေးသားချက်အရ မောင်တောမြို့နယ်တရားရုံးမှ ဘူးသီးတောင်အကျဉ်းထောင်စခန်းသို့ ထွက်ခွာလာသည့် လုံခြုံရေးတပ်ဖွဲ့ဝင် ၁၄ ဦးနှင့် အချုပ်သား ၂၀ ဦးပါ တရားရုံးထုတ် အချုပ်ယာဉ်နှင့် လုံခြုံရေးယာဉ်တန်းကို (AA)တပ်ဖွဲ့ဝင် (၁၀)ဦးခန့်က အဝေးထိန်းမိုင်းနှစ်လုံးဖောက်ခွဲပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့ကြောင်းဆိုသည်။

ထိုသို့တိုက်ခိုက်ခံရမှုကြောင့် ရဲတပ်ဖွဲ့ဝင်နှစ်ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရရှိခဲ့ကာ အချုပ်သား (၂) ဦးလည်း ဒဏ်ရာရရှိသွားခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ခိုင်သုခက ယင်းသို့ အချုပ်ကားယာဉ်တန်းကို တိုက်ခိုက်ခြင်းသည် အေအေဘက်က တိုက်ခိုက်ခြင်းမဟုတ်ကြောင်း ငြင်းဆိုကာ ရဲတပ်ဖွဲ့ဝင်များကို အေအေကတိုက်ခိုက်သည်ဆိုသော စွပ်စွဲချက်မျိုးဖြစ်အောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း ပြောဆိုသည်။

သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...
May 1, 2026
စစ်အုပ်စုသည် ရခိုင်ပြည်က မြို့နယ်များကို လေတပ်စခန်း ၄ ခုကနေ လေကြောင်းစစ်ဆင်ရေး ပြင်းထန်စွာ...