အငြင်းပွားနယ်မြေမှ တပ်ရုတ်သိမ်းရန် ကရင်နှင့်မွန်တပ်ဖွဲ့များ သဘောတူ

အငြင်းပွားနယ်မြေမှ တပ်ရုတ်သိမ်းရန် ကရင်နှင့်မွန်တပ်ဖွဲ့များ သဘောတူ

မွန်ပြည်သစ်ပါတီ NMSP နှင့် ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဖွဲ့တို့က ဘုရားသုံးဆူမြို့နယ်ရှိ အငြင်းပွားနေသော နယ်မြေတွင် နှစ်ဘက်တပ်များ မထားရှိရန် သဘောတူညီခဲ့ကြသည်။

နယ်မြေအငြင်းပွားရာမှတဆင့် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာရှိ NMSP နှင့် KNU အောက်ခြေတပ်ဖွဲ့များအကြား အောက်တိုဘာ ၁၇ ရက်နေ့က ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် နှစ်ဘက်ခေါင်းဆောင်များ၏ ညှိနှိုင်းဆွေးနွေးမှုအရ ထိုကဲ့သို့ သဘောတူထားကြခြင်းဖြစ်သည်။

“ပြဿနာဖြစ်တဲ့နေရာမှာ တပ်တွေမနေခိုင်းတော့ဘူး၊ ရွာသားတွေပဲနေခိုင်းမယ်၊ တပ်တွေ သွားလာမယ်ဆိုရင်လည်း အရပ်ဝတ်နဲ့ပဲ သွားလာရမယ်၊ ယူနီဖောင်းနဲ့ လက်နက်အပြည့်အစုံနဲ့ သွားလာဖို့ ခွင့်မပြုတော့ဘူး နှစ်ဘက် သဘောတူထားတယ်” ဟု KNU အမှတ် ၁၆ တပ်ရင်းမှူး ဒု-ဗိုလ်မှူး ကြီး စောရွှေဝင်းက ပြောသည်။

အခင်းဖြစ်ရာနေရာတွင် နှစ်ဘက်တပ်ဖွဲ့များ တပ်စခန်းချခြင်း၊ နေထိုင်ခြင်း၊ စစ်ဝတ်စုံနှင့် လက်နက်များ ကိုင်ဆွဲ၍သွားလာခြင်းမပြုရ၊ အရေးကြီးကိစ္စ သွားလာပါက တဘက်နှင့်တဘက် အကြောင်းကြားပြီး သွားလာကြရမည်၊ လူသွားလမ်းတွင် သွားလာလိုပါက ဆက်ဆံရေးရုံးမှတဆင့် ကြိုတင်အကြောင်းကြားပြီး သွားလာရမည်ဆိုပြီး နှစ်ဘက်ခေါင်းဆောင်များက သဘောတူထားကြသည်ဟု ပြောသည်။

သဘောတူညီမှုရရှိထားသည့် အခြေအနေကို နှစ်ဘက်ခေါင်းဆောင်များ အတူတကွပူးပေါင်းကာ လူထုရှင်းလင်းပွဲပြုလုပ်သွားရန်လည်း စီစဉ်ထားသည်ဟုလည်း နှစ်ဘက်ခေါင်းဆောင်များက ပြောသည်။

“ပစ်ခတ်မှုဖြစ်တဲ့နေရာမှာ ဒေသခံပြည်သူတွေကိုပဲ နေထိုင်ခိုင်းမယ်၊ လောလောဆယ် နေရာမချပေးရသေးဘူး အဲနေရာကို ဘယ်တပ်မှ ပေးမဝင်တော့ဘူး၊ ရွာအနေပဲထားသွားမယ်၊ ဒီလိုလုပ်သွားမယ်ဆိုတဲ့အကြောင်းကို ဒေသခံလူထုရှင်းလင်းပွဲ လုပ်သွားမယ်” ဟု မွန်ပြည်သစ်ပါတီ အမှတ် ၅ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး M စိုက်ချမ်း က ပြောသည်။

ဘုရားသုံးဆူမြို့ နယ် ဗလဲ့ဒွန်ဖိုက်ရွာနှင့် ထီးဝါးဒို့ရွာနေရာတွင် ဖြစ်ပွားခဲ့သည့် NMSP နှင့် KNU အကြား ပစ်ခတ်မှုကြောင့် ဒေသခံ မွန်၊ ကရင်တိုင်းရင်းသား ၁၀၀ ကျော်တို့က ဘုရားသုံးဆူမြို့ ပေါ်သို့ ထွက်ပြေးတိမ်းရှောင်သွားသည်လည်း ရှိခဲ့သည်။

အောက်တိုဘာ ၁၇ ရက်နေ့က ဘုရားသုံးဆူမြို့ နယ် ဗလဲ့ဒွန်ဖိုက်နှင့် ထားဝယ်ခရိုင် ရေးချောင်းဖျားဒေသ၊ အောက်တိုဘာ ၂၀ ရက်နေ့က ရေးမြို့ နယ် ငါးကလေးချောင်းကျေးရွာအနီးတွင် မွန်ပြည်နယ်သစ်ပါတီနှင့် KNU အောက်ခြေတပ်ဖွဲ့အကြား ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အဆိုပါ ထိတွေ့ပစ်ခတ်မှုကြောင့် မွန်ပြည်သစ်ပါတီဘက်ရော ကရင်အမျိုးသားအစည်းအရုံးဘက်ကပါ ထိခိုက်သေဆုံးမှုများ ရှိခဲ့သည်။

မွန်ပြည်သစ်ပါတီနှင့် KNU တို့သည် ၁၉၈၈ ခုနှစ်က နယ်မြေအငြင်းပွားမှု ပြဿနာကြောင့် စစ်ရေး ပဋိပက္ခပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း စစ်ရေးပြဿနာပြေလည်လာခဲ့ရာမှ ၂၀၁၆ ခုနှစ်မှစကာ တစ်ဖန် နယ်မြေအငြင်းပွားသည့်ကိစ္စ သစ်ခိုးထုတ်သည့်ကိစ္စကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဘက်နှင့် ရေးမြို့ နယ်အတွင်း၌ ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြသည်လည်းရှိခဲ့သည်။

မွန်ပြည်သစ်ပါတီသည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်ပြီး KNU သည် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ် NCA ကို ယခင်အစိုးရလက်ထက်က လက်မှတ်ရေးထိုးထားသည့်အဖွဲ့ဖြစ်သည်။

Most read this week

February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...
February 11, 2026
စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲသည် စစ်ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် လမ်းဖွင့်ပေး...
February 10, 2026
စစ်ကော်မရှင်က ကျင်းပသည့် အထွေထွေ ရွေးကောက်ပွဲ အပိုင်း ၃ ပိုင်း အပြီးတွင် ပြည်ထောင်စု...
February 9, 2026
အမေရိကန်သမ္မတ အတည်ပြုလိုက်သည့် Burma Act ရန်ပုံငွေ ဒေါ်လာ ၁၂၁ သန်းကို စစ်ကော်မရှင်လက်သို့...