NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

NCA ၄ နှစ်ပြည့်ရက်တွင် RCSS/SSA နှင့် အစိုးရတပ်မတော် တိုက်ပွဲဖြစ်

ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA  လက်မှတ်ရေးထိုး သည့် ၄ နှစ်ပြည့်နေ့ တွင် သျှမ်းပြည်တပ်မတော် RCSS/SSA  နှင့် အစိုးရတပ်မတော် တို့ မိုင်းပန်မြို့နယ် အတွင်း တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ သျှမ်းပြည်တောင်ပိုင်း လင်းခေးခရိုင် မိုင်းပန်မြို့နယ် နောင်ဟီး ကျေးရွာ အုပ်စု ဝမ့်ကန့်ကန်ရွာအနီး အောက်တိုဘာ ၁၅ ရက်  မနက် ၉ နာရီ ခွဲက  အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှု တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း RCSS/SSA ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီး စိုင်းဦး က သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့ အောက်တိုဘာ ၁၅ ရက်သည် တိုင်းရင်းသား လက်နက်ကိုင် (EAOs) နှင့် အစိုးရ၊ အစိုးရတပ်မတော် တို့ NCA လက်မှတ်ရေးထိုးခဲ့သည်မှာ ၄ နှစ်ပြည့်သည့် ရက်ဖြစ်သည်။

“ အစိုးရတပ်မတော် က ကျနော်တို့ လှုပ်ရှားတဲ့နေရာထဲကို အကြောင်းမကြားဘဲ ဝင်လာလို့ ထိတွေ့မှု ဖြစ်တာပါ။ သူတို့က လမ်းမကြီးဘက်ကနေမသွားဘဲ။ ကျနော်တို့ရှိတဲ့တောထဲကို ဝင်လာလို့ပါ။ ထိတွေ့မှုက မိနစ် ၂၀ ပါပဲ” ဟု ဒုဗိုလ်မှူးကြီး စိုင်းဦး က ဆိုသည်။

အဆိုပါ ထိတွေ့ ပစ်ခတ်မှုတွင် RCSS/SSA ဘက်မှ တပ်သား များ ထိခိုက်ဒဏ်ရာမရရှိကြောင်း၊အစိုးရတပ်မတော် ဘက်တွင် ထိခိုက်မှု သတင်းမရရှိသေးကြောင်းလည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ပြောသည်။

တိုက်ပွဲကြောင့် ပြည်သူများထိခိုက်မှု နှင့် ပတ်သက်ပြီး ဒုဗိုလ်မှူးကြီး စိုင်းဦး က “ ကျေးရွာနဲ့ ဝေးတယ်။ စစ်ရှောင်တွေ တော့ မရှိဘူး” ဟု လည်း ဒုဗိုလ်မှူးကြီး စိုင်းဦးက ထပ်လောင်းပြောသည်။

အစိုးရတပ်မတော် ၏ တဖက်သက် အပစ်ရပ်ကာလ စက်တင်ဘာ ၂၁ ရက်တွင် ကုန်ဆုံးပြီးနောက် RCSS/SSA နှင့် မိုင်းကိုင်မြို့နယ် အတွင်း ထိတွေ့မှု တကြိမ်ရှိခဲ့ကြောင်းသိရသည်။

NCA လက်မှတ်ရေးထိုးပြီးနောက် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ထိတွေ့မှု အသေးစားမကြာခဏ ဖြစ်ပွားခဲ့ကြောင်းကြားသိရပြီး  စာရင်းများအရမှာမူ ၂၀၁၅ ခုနှစ်မှ ၂၀၁၉ အထိ တိုက်ပွဲ ၅၂ ကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ်အတွင်း တိုက်ပွဲ ၅ ကြိမ်ဖြစ်ပွါးခဲ့ကြောင်း ဒုဗိုလ်မှူးကြီးစိုင်းဦးက သျှမ်းသံတော်ဆင့်အားပြောသည်။

ယနေ့ ဖြစ်ပွားသည့် အစိုးရတပ်မတော် နှင့် RCSS/SSA တို့ ထိတွေ့မှုနှင့်ပတ်သက်ပြီး သျှမ်းသံတော်ဆင့် သတင်းဌာနမှ တပ်မတော် သတင်းမှန်ပြန်ကြားရေး မှ ပြောရေးဆိုခွင့် ရှိသူကို ဆက်သွယ်ခဲ့ရာ မရရှိခဲ့ပေ။

Most read this week

December 23, 2025
သျှမ်းတောင်၊ ကလောမြို့နယ်၊ အောင်ပန်းမြို့နေ ပြည်သူ အများစု အနေဖြင့် စစ်တပ် ကျင်းပမည့်...
December 22, 2025
စစ်ကော်မရှင် ကျင်းပမည့် ရွေးကောက်ပွဲ ပထမပိုင်း ရက်သတ္တပတ်အလို လားရှိုးမြို့ပေါ်ရှိ ရပ်ကွက်နေရာ...
December 20, 2025
သျှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့တွင် မြို့ခံပြည်သူများအနေဖြင့် စစ်အုပ်စုက ဦးဆောင်ကျင်းပမည့်...
December 19, 2025
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် ရနဲကျေးရွာအုပ်စု ကို စစ်ကော်မရှင်တပ်က နေအိမ်များကို...