ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထဲမှ နှုတ်ထွက်ခွင့်တင်ထားသူ သုံးဦးကို နှုတ်ထွက်ခွင့်ပြု

ဖွဲ့စည်းပုံပြင်ဆင်ရေးကော်မတီထဲမှ နှုတ်ထွက်ခွင့်တင်ထားသူ သုံးဦးကို နှုတ်ထွက်ခွင့်ပြု

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီအဖွဲ့ဝင်အဖြစ်မှ နှုတ်ထွက်ခွင့်တင်ထားသူ သုံးဦးကို စက်တင်ဘာလ ၂၅ ရက်နေ့စွဲဖြင့် ပြည်ထောင်စုလွှတ်တော်ရုံးက နှုတ်ထွက်ခွင့်ပြုလိုက်ကြောင်း သိရသည်။

၎င်းကော်မတီမှ နှုတ်ထွက်စာတင်ထားသူများမှာ ရခိုင်အမျိုးသားပါတီ(ANP)၏ ပေါက်တောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ ကျောက်တော်မြို့နယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်နိုင်နှင့် မအူပင်မဲဆန္ဒနယ်မှ ဦးစိန်ဝင်းတို့ ဖြစ်ကြသည်။

နှုတ်ထွက်စာများကို စက်တင်ဘာလ ၂ ရက်နေ့နှင့် ၃ ရက်နေ့တို့တွင် အသီးသီးတင်ခဲ့ကြပြီး ၎င်းတို့ သုံးဦး လုံးအား နှုတ်ထွက်ခွင့်ပြုလိုက်ပြီဖြစ်သည်။

အဆိုပါ နှုတ်ထွက်ခွင့်ပြုစာမှာ လောလောစဉ် ကာယကံရှင်ထံမရောက်သေးကြောင်း အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်နိုင်ကဆိုသည်။

“နှုတ်ထွက်ခွင့်ပြုတယ် မပြုဆိုတာကိုတော့ မသိရသေးဘူး။ ကျွန်တော်တို့ဆီကို စာမရောက်သေးဘူး” ဟု ဦးမြင့်နိုင်က ပြောသည်။

ကော်မတီဝင် ၄၅ ဦးပါဝင်သည့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပူးပေါင်းကော်မတီတွင် အဆိုပြုချက်များ ဆုံးဖြတ်ချက်ချမှတ်ရာတွင် အနိုင်ရအင်အားကြီးပါတီတစ်ခု၏ သဘောထားအဆိုပြုချက် များကိုသာ မဲအသာစီးဖြင့် အတည်ပြုဆုံးဖြတ်သည့် စနစ်ဖြစ်နေသဖြင့် ရခိုင်အမျိုးသားပါတီနှင့် အခြား တိုင်းရင်းသားပါတီများ ပြင်ဆင်လိုသောအချက်များမှာ အတည်ပြုဆုံးဖြတ်ခြင်း မရရှိနိုင်ကြောင်း ANP ပါတီက ဆိုသည်။

ထို့ကြောင့် ANP ပါတီ၏ ဗဟိုကော်မတီဝင် အစည်းအဝေးဆုံးဖြတ်ချက်အရ ကော်မတီဝင်နှစ်ဦးအား နှုတ်ထွက်စာတင်ရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါ်အေးနုစိန်က ပြောသည်။

“၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ချက်ကြီး ထွက်လာမယ်ဆိုရင် ရခိုင်အပါအဝင် တခြားတိုင်းရင်းသားပါတီတွေရဲ့ လိုအင်ဆန္ဒတွေဟာ ဒီ ၄၅ ဦးကော်မတီဝင်တွေ မဲပေးပုံစနစ်အရပဲ အကောင်အထည်ပေါ်လာမှာ မဟုတ်ဘူး ဆိုတာကို လက်တွေ့သိလာရတယ်။ အဲဒီတော့ ကိုယ့်ရဲ့အဆိုပြုချက်တွေ လိုအပ်ချက်တွေကို ဒီမဲအသာစီးရတဲ့ အဖွဲ့က မကြိုက်ရင်၊ မလိုလားရင် ဒီအဖွဲ့မှာပါဝင်နေခြင်းအားဖြင့် ကျွန်မတို့လိုချင်တဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေးဆိုတဲ့ အနေအထား ဖော်ဆောင်ပေးနိုင်ခြင်းမရှိတဲ့အတွက် အဲဒီကော်မတီမှာ ဆက်လက် မပါဝင်တော့ဘူးဆိုပြီး ရုပ်သိမ်းလိုက်တာ။ နှုတ်ထွက်စာတင်လိုက်တာ” ဟု ဒေါ်အေးနုစိန်က ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ ပြင်ဆင်မည့် အချက်ပေါင်း ၃၇၆၆ ချက်ပါရှိသည့် ဖွဲ့စည်းပုံပြင်ဆင်ရေး အစီရင်ခံစာကို လွှတ်တော်တွင် တင်သွင်းအတည်ပြုထားပြီး ထိုအချက်များထဲတွင် ANP ပါတီမှ အချက် ၈၅၈ ချက်ကို ပြင်ဆင်ရန် တင်သွင်းထားခြင်းဖြစ်သည်။

ဖွဲ့စည်းပုံပြင်ဆင်ရေး ၄၅ ဦးကော်မတီတွင် NLD ကိုယ်စားလှယ် (၁၈) ဦး၊ တပ်မတော်သားကိုယ်စားလှယ် (၈)ဦး၊ တခြားနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်တို့ပါဝင်ပြီး လက်ရှိတွင် ကော်မတီဝင်အဖြစ်မှ ၃ ဦး နှုတ်ထွက်သွားပြီဖြစ်သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...