မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ရဲသားတစ်ဦးပျောက်ဆုံးနေ

မြောက်ဦးမြို့နယ် တိမ်ညိုရဲစခန်းမှ ရဲသားတစ်ဦးပျောက်ဆုံးနေ

ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်ရှိ တိမ်ညိုကျေးရွာရဲစခန်းမှ ရဲသားတစ်ဦး ပျောက်ဆုံးနေသည်မှာ ၃ ရက်မျှရှိပြီ ဖြစ်ကြောင်း မိသားစုဝင်များထံမှ သိရသည်။

ပျောက်ဆုံးနေသူမှာ ဒု-တပ်ကြပ် မောင်ဆန်းချေဆိုသူဖြစ်ပြီး စက်တင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီခန့်က မြောက်ဦးမြို့ ရွှေပြည်သစ်ကားဂိတ်သို့ ပါဆယ်သွားယူစဉ်ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ၎င်း၏ ဇနီး ဒေါ်နွယ်နွယ်က DMG ကို ပြောသည်။

“တနင်္ဂနွေနေ့ မနက် ၁၀ နာရီက စခန်းမှူးကခေါ်ဖို့လွှတ်လိုက်လို့ရဲသားတစ်ဦးက ခေါ်လာတယ်။ ဆိုင်ကယ်ယူလာခဲ့ သွားစရာရှိတယ်လို့ ပြောပြီးခေါ်လာတယ်။ ဘယ်ကိုသွားရမယ်လို့ပြောမသွားပါဘူး။ ညနေအထိ ပြန်မလာလို့ စခန်းကိုသွားမေးကြည့်တော့ ရွှေပြည်သစ်ကားဂိတ်ကို ပါဆယ်ယူဖို့ လွှတ်လိုက်တယ်လို့ ပြောပါတယ်။ ဒီနေ့အထိ ပြန်ရောက်မလာတော့ အဆုံးလို့ မှတ်ယူထားပါပြီ ” ဟု ဒေါ်နွယ်နွယ်က ဆိုသည်။

ဒု-တပ်ကြပ် မောင်ဆန်းချေ ပျောက်ဆုံးနေမှုကို DMG မှ တိမ်ညိုရဲစခန်းမှူး ရဲအုပ်ဇော်မင်းဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ အဖြစ်မှန်ကိုမသိရသေးကြောင်းနှင့် စုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ပြောသည်။

“အဖြစ်မှန်ကိုတော့ ပြောလို့မရသေးဘူး၊ ဘယ်နားမှာ ဘယ်လိုပျောက်သွားလဲဆိုတာ မသိရသေးဘူး ဖြစ်နေတယ်။ ဆင့်ကဲဆင့်ကဲ အားလုံးကိုသတင်းပို့ထားပါတယ်။ နီးစပ်ရာစခန်းတွေကို ဖြန့်ပြီးတော့ လိုက်ရှာခိုင်းထားပါတယ်။ ကျနော်တို့လည်း သူသွားလာတတ်တဲ့ အဆက်အသွယ်ရှိတဲ့နေရာတွေကို ဖုန်းနဲ့ လှမ်းပြီးတော့ ဆက်သွယ်နေတယ်” ဟု ရဲအုပ်ဇော်မင်းဦးက ပြောသည်။

ထိုသို့ ဒု-တပ်ကြပ်မောင်ဆန်းချေ ပျောက်ဆုံးနေသည်မှာ ၃ ရက်မျှရှိပြီဖြစ်သော်လည်း သတင်းအစအန တစ်စုံ တစ်ရာမသိရသေးဖြင့် မိသားစုဝင်များမှ စိုးရိမ်နေကြသည်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်း ရဲတပ်ဖွဲ့ ဝင်များ၊ စစ်မှုထမ်းဟောင်းများနှင့် အရပ်သားများ မကြာခဏဆိုသလို လက်သည်မပေါ်ဘဲ အသတ်ခံရမှုများ ရှိနေသည်။

သြဂုတ်လ ၁၉ ရက်နေ့က ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးစောသန်းလွင် ဓါးထိုးခံခဲ့ရပြီး ဆေးကုသမှု ခံယူနေရကာ စက်တင်ဘာလ ၁ ရက်နေ့က ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲကင်းစခန်းမှူး ဒုရဲအုပ် ဇော်မင်းဌေး ဓားထိုးခံရပြီးသေဆုံးသွားခဲ့သည်။

ထို့ပြင် စက်တင်ဘာလ ၂၂ ရက်နေ့ကလည်း ကျောက်တော်မြို့နယ် ပြည်တော်သာရပ်ကွက်တွင် ရဲတပ် ကြပ်ကြီး မောင်လှ ဓါးထိုးခံခဲ့ရ၍သေဆုံးသွားခဲ့သည်။ ဘူးသီးတောင်မြို့နယ် အမှတ်(၆) ရပ်ကွက်မှ စစ်မှု ထမ်းဟောင်းတစ်ဦးဖြစ်သည့် ဦးသိန်းထွန်းမှာလည်း ၎င်းနေ့တွင် ဓားထိုးခံရပြီး သေဆုံးသွားခဲ့သည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...