တပ်မတော်စစ်ကြောရေးတွင် သေဆုံးသွားသူများပုံစံ သရုပ်ပြခဲ့သည့် ကိုသန်းလှကို တရားစွဲတင်

တပ်မတော်စစ်ကြောရေးတွင် သေဆုံးသွားသူများပုံစံ သရုပ်ပြခဲ့သည့် ကိုသန်းလှကို တရားစွဲတင်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲများ ချက်ချင်းရပ်တန့်ပေးရန်၊ တပ်မတော်က ဖမ်းဆီးစစ်ဆေးနေစဉ်ကာလအတွင်းတွင် သေဆုံးသွားသည့်သူများပုံစံ သရုပ်ပြခဲ့သည့် ကိုသန်းလှ(ခ) ကိုမင်းဘာချေကို ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ကိုသန်းလှအပါအဝင် လူငယ် ၆ ဦးတို့က ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများရပ်တန့်ပေးရန်နှင့် စစ်ကြောရေးကာလအတွင်း သေဆုံးသွားသည့် အရပ်သားများအတွက် တရားမျှတမှုရရှိရန် ပြီးခဲ့သည့် ဇူလိုင်လ ၄ ရက်နေ့က စစ်တွေမြို့မှာ သရုပ်ပြလှုပ်ရှားမှုတစ်ခု ပြုလုပ်ခဲ့ကြသည်။

ထိုသို့ပြုလုပ်ခဲ့မှုဖြင့် ကိုသန်းလှကို စက်တင်ဘာလ ၂၀ ရက်နေ့တွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ကာ စစ်တွေမြို့မရဲစခန်းမှ အာမခံဖြင့်ပြန်လွှတ်ပေးခဲ့သည်။

ယနေ့ရုံးချိန်းတွင် ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသည့် ကိုသန်းလှက ၎င်းတွင်အပြစ်မရှိကြောင်း တရားရုံးတွင်ထွက်ဆိုခဲ့သဖြင့် အမှုအားဆက်လက်စစ်ဆေးရန် စစ်တွေမြို့နယ်တရားရုံးမှ စက်တင်ဘာလ ၃၀ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်သည်။

“ဒီနေ့ တရားရုံးမှာက အခုလုပ်တဲ့အပေါ်မှာ အပြစ်ရှိလားလို့မေးတယ်။ ကျနော်က အပြစ်မရှိဘူးလို့ ဝန်ခံတယ်။ ဘာဖြစ်လို့အပြစ်မရှိလဲလို့ ထပ်ပြောတယ်။ ကျနော်က တရာဥပဒေစိုးမိုးဖို့၊ တိုက်ပွဲရပ်ဖို့၊ အပြစ်မဲ့ပြည်သူတွေ သေဆုံးတာတွေ၊ မတရားဖမ်းဆီးခံနေရတာတွေကို ဥပဒေအရ မှန်မှန်ကန်ကန်ဆောင်ရွက်ဖို့။ ဥပမာ - ကျုးလွန်တဲ့သူတွေကို ထိထိရောက်ရောက်အရေးယူဖို့ တောင်းဆိုခဲ့တာဖြစ်တဲ့အတွက် အပြစ်မရှိဘူးလို့ပြောခဲ့တယ်” ဟု ကိုသန်းလှက ဆိုသည်။

ယင်းအပြင် ကိုသန်းလှကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလအတွင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံးရှေ့တွင် ဆန္ဒပြကမ်ပိန်းပြုလုပ်ခဲ့မှုနှင့် ပတ်သက်၍လည်း ငြိမ်းစုစီပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုထားသည်။

မြောက်ဦးမြို့တွင် ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အထိမ်းအမှတ်ပွဲပြုလုပ်ရာတွင် အာဏာပိုင်များက အချိန်နီးကပ်မှ ခွင့်မပြုနိုင်ကြောင်းပြောဆိုလာသဖြင့် ပွဲလာရောက်သူများနှင့် မြို့ခံလူထုအကြား တင်မာမှုများဖြစ်ပွားခဲ့သည်။

အဆိုပါဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့က သေနတ်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး လူအုပ်ထဲမှ အရပ်သား ၇ ဦးသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုသို့သေဆုံးခဲ့သည့် အရပ်သားများအတွက် တရားမျှတမှုရရှိရန် အစိုးရရုံးရှေ့တွင် ဆန္ဒဖော်ထုတ်ခဲ့သဖြင့် ကိုသန်းလှကို ငြိမ်းစုစီပုဒ်မဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

“မြောက်ဦးမှာလည်း မတရားသတ်ဖြတ်ခံထားရတဲ့လူငယ်တွေ ကလေးတွေ အဲဒီတုန်းကလည်း ကျနော်တို့ ရခိုင်ပြည်နယ်အစိုးရရုံးရှေ့မှာ တောင်းဆိုမှုလုပ်ခဲ့တဲ့အတွက် သူတို့က ငြိမ်းစုစီဥပဒေပုဒ်မ ၁၉ နဲ့ အမှုဖွင့်တာ ရှိတယ်” ဟု ကိုသန်းလှက ဆိုသည်။

ကိုသန်းလှ (ခ) ကိုမင်းဘာချေကို စစ်တွေမြို့ အမှတ်(၁)ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များက တရားလိုပြုလုပ် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

Photo - MinBar Chay / Facebook

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...