စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့(စရဖ)မှ တပ်ကြပ်ဝင်းထိုက်(ခေါ်) ဖိုးလုံးလုပ်ကြံခံရမှုနှင့်ပတ်သက်ပြီး အမှုရင်ဆိုင်နေရသော ကိုရဲဇော်(ခ) ရဲကျော်သူကို ယနေ့ စက်တင်ဘာလ ၂၃ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးက အပြီးသတ်အမိန့်ချမှတ်ခဲ့ရာ အပြစ်မရှိသဖြင့် တရားသေလွှတ်ပေးလိုက်သည်။
ကိုရဲဇော်ကို စွဲဆိုထားသည့်အမှုတွင် တရားလိုသက်သေ ၁၇ ဦးကို စစ်ဆေးခဲ့သည့်အခါ ဖိုးလုံးကိုသတ်သူမှာ ရဲဇော်ဖြစ်ကြောင်း တိတိကျကျမတင်ပြနိုင်သည့်အပြင် တရားလိုဘက်မှ သက်သေထင်ရှားမပြနိုင်သဖြင့် အပြီးပြန်လွှတ်ပေးရန် အမိန့်ချလိုက်ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေ ဒေါ်အေးနုစိန်ကပြောသည်။
“အပြစ်ပေးဖို့ရန် တရားလိုဘက်က သက်သေထင်ရှားမပြနိုင်ဘူး။ ဒါကြောင့် ကိုရဲဇော်ကို ပြစ်မှုထင်ရှားစီရင်ခြင်း မလုပ်သင့်တဲ့အတွက် အပြီးသတ်လွှတ်တဲ့အမိန့်ကို ချမှတ်လိုက်တယ်” ဟု ဒေါ်အေးနုစိန်ကပြောသည်။
ကိုဖိုးလုံးသည် ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၂၅ ရက်နေ့က စစ်တွေမြို့၊ ဝင်္ကဘာကွင်း ဈေးပွဲတော်အတွင်းမှာ အမည်မသိသူတစ်ဦး၏ သေနတ်ဖြင့်လုပ်ကြံမှုကြောင့် သေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ယင်းအမှုနှင့်ပတ်သက်ပြီး ဇနီးဖြစ်သူ ဒေါ်မွှေးဇာနည်အောင်က တရားလိုလုပ်ပြီး တိုင်တန်းခဲ့သည့်အတွက် အောင်ချေ၊ ခိုင်ဘိုဘို၊ မေယုထွန်းနှင့် ရဲဇော်တို့လေးဦးကို လူသတ်မှု ပုဒ်မ ၃၀၂ ၊ ပူးပေါင်းကြံစည်မှု ပုဒ်မ ၃၄ တို့ဖြင့် အမှုဖွင့်ခဲ့သည်။
ကိုရဲဇော်ကို ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာ ၁၅ ရက်နေ့က ရန်ကုန်မြို့မှကျင်းပတဲ့ ရခိုင်ပြည်နယ်နေ့ ပွဲတော်မှာ ဖမ်းဆီးခဲ့ပြီး စစ်တွေမြို့မှာ တရားရင်ဆိုင်နေခဲ့ရခြင်းဖြစ်သည်။
ထိုသို့ ဖမ်းဆီးခံခဲ့ရသည့် လူငယ် ၄ ဦးထဲမှ ကိုခိုင်ဘိုဘို၊ ကိုမေယုထွန်းနှင့် ကိုအောင်ချေတို့အား ပြစ်မှုကျူးလွန်ကြောင်း မပေါ်ပေါက်သည့်အတွက် စစ်တွေခရိုင်တရားရုံးမှ စွဲချက်မတင်မီလွှတ်ပေးခဲ့ပြီး ကိုရဲဇော် တစ်ဦးတည်းကို ရာဇသတ်ကြီးပုဒ်မ (၃၀၂) (၂) လူသတ်မှုဖြင့် စွဲချက်တင်ခဲ့ရာ ယနေ့ စစ်တွေခရိုင်တရားရုံးက အပြစ်မရှိကြောင်း တရားသေလွှတ်ပေးခဲ့သည်။
ကိုဖိုးလုံးသေဆုံးသည့်အမှုတွင် သံသယရှိသူ ၁၀ ဦးခန့်အား ရဲတပ်ဖွဲ့မှ စစ်ဆေးမှုများရှိခဲ့ကြောင်းလည်း သိရသည်







