တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် အနောက်ပိုင်းတိုင်းကို ပါစေလိုကြောင်း AA ဒုတိယစစ်ဦးစီးချုပ်ဆို

တပ်မတော်မှ အပစ်ရပ်ကြေငြာရာတွင် အနောက်ပိုင်းတိုင်းကို ပါစေလိုကြောင်း AA ဒုတိယစစ်ဦးစီးချုပ်ဆို

တပ်မတော်၏ တစ်ဖက်သတ်အပစ်ရပ်စဲရာတွင် အနောက်ပိုင်းတိုင်းပါဝင်စေလိုသည့်ဆန္ဒရှိကြောင်း စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံဆွေးနွေးပွဲအပြီးတွင် ရက္ခိုင့်တပ်တော်(AA)၏ ဒုတိယစစ်ဦးစီချုပ် ဒေါက်တာညိုထွန်းအောင်က သတင်းထောက်များကို ပြောကြားခဲ့သည်။

မြန်မာ့တပ်မတော်မှ စစ်တိုင်း ၅ တိုင်းတွင် စက်တင်ဘာလ ၁ ရက်နေ့မှ စက်တင်ဘာလ ၂၁ ရက်နေ့အထိ ရက်ပေါင်း ၂၁ ရက်ကို တစ်ဖက်သတ် အပစ်ခတ်ရပ်စဲရေးကာလအဖြစ် သက်တမ်းတိုးထားသည်။

တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားနေသည့် ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သော ပလောင်(တအာန်း) အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်စီ မဟာမိတ်တပ်မတော်(MNDAA) နှင့် ရက္ခိုင့်တပ်တော်(AA)တို့မှလည်း စက်တင်ဘာလ ၉ ရက်နေ့မှ အောက်တိုဘာလ ၉ ရက်နေ့အထိကို အပစ်ရပ် ကာလအဖြစ် ကြေငြာခဲ့သည်။

အဆိုပါအပစ်ရပ်ကာလ ပြည့်မြောက်ပါက မဟာမိတ် ၃ ဖွဲ့၏ အပစ်ရပ်ကာလသက်တမ်းတိုး၊ မတိုးမှာ တပ်မတော်အပေါ် မူတည်နေကြောင်း ဒေါက်တာညိုထွန်းအောင်က ဆိုသည်။

“၂၁ ရက်နေ့မှာ သူတို့ဘယ်လိုအကွက်နဲ့ ကစားလာမလဲပေါ့နော်။ ဥပမာ-ရခိုင်အပါအဝင် တစ်နိုင်လုံးကြေငြာလိုက်မလား ဆိုတာပေါ့။ အများကြီးတော့ မမျှော်လင့်ပါဘူးနော်။ ဆန္ဒကတော့ အစည်းအဝေးလာတက်တိုင်းမှာတော့ အဲဒီလိုဆန္ဒရှိခဲ့တယ်” ဟု ၎င်းကပြောသည်။

တပ်မတော်မှ တစ်ဖက်သတ် အပစ်ရပ်ကြေငြာခဲ့သည်မှာ ၂၀၁၈ ဒီဇင်ဘာ ၂၁ ရက်မှ ဧပြီ ၃၀ ရက်ထိ ပထမ အကြိမ်၊ မေ ၁ ရက်မှ ဇွန် ၃၀ ရက်ထိ ဒုတိယအကြိမ်၊ ဇူလိုင် ၁ ရက်မှ သြဂုတ် ၃၁ ရက်ထိ တတိယအကြိမ်နှင့် ယခု ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှ ၂၁ ရက်နေ့အထိ စတုတ္ထအကြိမ်မြောက် ရှိခဲ့ပြီဖြစ်သည်။

အပစ်ရပ်ကြေငြာခဲ့သည့် စစ်တိုင်း ၅ တိုင်းမှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတို့ ဖြစ်သည်။

သို့သော် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုများရှိနေသည့် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေကို အပစ်အခတ်ရပ်စဲရန် ချန်လှပ်ထားဆဲဖြစ်ကြောင်း တွေ့ရသည်။

မြောက်ပိုင်းမဟာမိတ် ၄ ဖွဲ့နှင့် အစိုးရငြိမ်းချမ်းရေးကော်မရှင်၊ တပ်မတော်ကိုယ်စားလှယ်တို့ စက်တင်ဘာလ ၁၇ ရက်နေ့က ကျိုင်းတုံမြို့၌ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရာတွင် သဘောတူညီချက် ၇ ချက်ကို ရရှိခဲ့ကြသည်။

ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း တပ်မတော်နှင့် မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်သည့် TNLA ၊ MNDAA ၊ AA တို့သည် မြေပြင်အခြေအနေတွင် တိုက်ပွဲဖြစ်ပွားမှုများ ရှိနေဆဲဖြစ်သည်။

“သေချာတာကတော့ မြေပြင်မှာ ပဋိပက္ခတွေလျှော့ချဖို့အတွက် နှစ်ဖက်လုံးက ကြိုးစားရအုံးမှာ” ဟု ဒေါက်တာ ညိုထွန်းအောင်က ပြောသည်။

ငြိမ်းချမ်းရေးဆွေးနွေးမှုအား လာမည့်အောက်တိုဘာလအတွင်းတွင်လည်း ထပ်မံတွေ့ဆုံရန် သဘော တူညီခဲ့ကြသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်။ ဓာတ်ပုံ - The Diplomat
May 6, 2026
ရခိုင်ပြည်အတွင်းရှိ အရပ်သားများအား လေကြောင်း ဗုံးကြဲပြီး ဖိအားပေးနေသမျှ စစ်အုပ်စုနှင့်...
သတင်းထောက် မခင်သရဖီဦး။ ဓာတ်ပုံ - Khin Thara Phi Oo (Facebook)
May 5, 2026
သံလွင်ခက် သတင်းဌာန၏ ရခိုင်ပြည် မြေပြင်သတင်းထောက် အမျိုးသမီးတစ်ဦးမှာ...
မာန်အောင်လေဆိပ်အား တွေ့ရစဉ်။ ဓာတ်ပုံ- မာန်အောင်အများပိုင်ကုမ္မဏီ (Facebook)
May 4, 2026
စစ်အုပ်စုထိန်းချုပ်ထားဆဲ ရခိုင်ပြည်၊ မာန်အောင်မြို့ကနေ ရန်ကုန်သို့ ပျံသန်းမည့် လေကြောင်း ခရီးစဉ်...
May 2, 2026
ရခိုင်ပြည်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ဒေသများတွင် ယခုနောက်ပိုင်း သက်ငယ်မုဒိမ်းမှုများ...